ထိုင်းနိုင်ငံ၊ စမွတ်ဆွန်ခရမ်ခရိုင်က မဲကလောင်မြစ်ထဲမှာ အောက်တိုဘာလ (၁) ရက်နေ့က (၄) နာရီကြာ မျောပါရင်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံသားတစ်ဦးက ကူညီကယ်တင်ခဲ့တယ်လို့ သိရပါတယ်။

အသက် (၅၂) နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးဟာ ကမ်းနားမှာ ဖန်ခွက်တွေ ကောက်နေရင်း ချော်လဲပြီး မြစ်ထဲကျသွားခဲ့တာပါ။ညဘက်ဖြစ်လို့ ဘယ်သူမှ မမြင်လိုက်ကြဘဲ သူမဟာ ရေစီးနဲ့အတူ (၄) နာရီကြာ၊ (၃) ကီလိုမီတာအထိ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။ လှေကြီးတွေ အများကြီးဖြတ်သွားပေမဲ့ လှေသားတွေက သူမကို မမြင်နိုင်ခဲ့ကြတာကြောင့် သူမဟာ ပက်လက်အနေအထားနဲ့ပဲ မျောရင်း ဆုတောင်းနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။

သူမကို ကယ်တင်ခဲ့တဲ့သူကတော့ အသက် (၃၄) နှစ်အရွယ် မြန်မာနိုင်ငံသား ကိုသိုဒီပါ။ ကိုသိုဒီဟာ မြစ်ကမ်းနားမှာ အလုပ်လုပ်နေတုန်း အကူအညီတောင်းသံ ခပ်တိုးတိုးကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ကနဦးမှာ တစ္ဆေသရဲလို့ အထင်မှားခဲ့ပေမယ့် သေချာလိုက်ရှာကြည့်တော့ ရေထဲမှာ လှေကြိုးကို မနည်းဆွဲကိုင်ထားတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ပြီး သူမဟာ အတော်လေး ပင်ပန်းနွမ်းနယ်နေခဲ့တယ်လို့ ဆိုပါတယ်။

ကိုသိုဒီဟာ ချက်ချင်းပဲ သူငယ်ချင်းတွေကို အကူအညီခေါ် ပြီး အဆိုပါထိုင်းအမျိုးသမီးကို ကုန်းမြေပေါ် အောင်မြင်စွာ ဆွဲတင်ပေးနိုင်ခဲပါတယ်။ အမျိုးသမီးက သူမကို လှေငယ်လေးတစ်စင်းက အဖွဲ့သားတွေ လာတွေ့ပြီး ကယ်ဆယ်လိုက်တာဟာ အံ့ဩဖွယ်ပါပဲလို့ ပြောပြခဲ့ကြောင်း khaosod သတင်းအရ သိရပါတယ်။ 

Share.
Leave A Reply

Exit mobile version