ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စရီရာချာမြို့မှာ အောက်တိုဘာလ ၁ ရက်နေ့ကမြန်မာဇနီးမောင်နှံနှစ်ဦးဟာ ဆိုင်ကယ်နဲ့ တံတားကူးလမ်း (Overpass) ပေါ်ကနေ အမြင့် ၁၀ မီတာ (ပေ ၃၀ ကျော်) အောက်ကို ပြုတ်ကျခဲ့ပြီးနောက် အသက်ဘေးက လွတ်မြောက်နိုင်ခဲ့ပါတယ်။ 

ခင်ပွန်းဖြစ်သူကတော့ ကိုယ်ပေါ်မှာ ရွှံ့တွေပေကျံပြီး ဝမ်းဗိုက်မအီမသာဖြစ်မှုနဲ့ မစိုးရိမ်ရတဲ့ ဒဏ်ရာအနည်းငယ် ပဲ ရခဲ့ပါတယ်။ ဒါပေမယ့် ဇနီးဖြစ်သူကတော့ ကျောမှာ ပြင်းထန်တဲ့ ဒဏ်ရာနဲ့ ညာဘက်လက်ကျိုးတယ်လို့ ယူဆရတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။  

အလုပ်သွားဖို့ ဆိုင်ကယ်မောင်းလာတဲ့ အသက် ၃၃ နှစ်အရွယ် ခင်ပွန်းဖြစ်သူ နဲ့ အသက် ၄၂ နှစ်အရွယ်ဇနီးဖြစ်သူ မြန်မာဇနီးမောင်နှံနှစ်ဦးဟာ မြင်းခွာပုံစံ ကွေ့ပတ်ထားတဲ့ လမ်းကူးတံတားကို လမ်းမှားပြီး အရှိန်ပြင်းပြင်း နဲ့ တက်မိခဲ့တယ်လို့ ဆိုပါတယ်။ လမ်းကို မကျွမ်းကျင်တဲ့အတွက် လမ်းဖြောင့်လို့ ထင်ပြီး အရှိန်မလျှော့ဘဲ မောင်းလာရာက ကွေ့တဲ့နေရာရောက်မှ ဘရိတ်အုပ်ချိန် မရတော့ဘဲ ကွန်ကရစ်တံတိုင်းကို ဝင်တိုက် ပြီး နှစ်ဦးစလုံး တံတားပေါ်ကနေ လွင့်စင်ပြုတ်ကျခဲ့တာပါ။

ပြုတ်ကျတဲ့အခါ ကွန်ကရစ်လမ်းမာပေါ် မကျဘဲ လမ်းဘေးမှာရှိတဲ့ ရွှံ့နွံဖုံးနေတဲ့ မြက်ခင်းပျော့ပျော့ ပေါ် တည့်တည့်ကျခဲ့တာကြောင့် သူတို့ရဲ့ အသက်ကို ကယ်တင်လိုက်သလို ဖြစ်ခဲ့ပါတယ်။လုံခြုံရေးဝန်ထမ်းတစ်ဦးက အသံကြားလို့ လာကြည့်ပြီး ကယ်ဆယ်ရေးအဖွဲ့ကို အမြန်ဆုံး အကြောင်းကြားခဲ့တာကြောင့် မြေပြင်ပေါ် ရောက်နေတဲ့ ဇနီးမောင်နှံကို ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ကုသပေးခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ လမ်းမကျွမ်းကျင်မှုနဲ့ အရှိန်လွန်မောင်းနှင်မှုကြောင့် ဒီမတော်တဆမှု ဖြစ်ရတာလို့ ကောက်ချက်ချထားပါတယ်။ 

သတင်း – Pattaya News

Share.
Leave A Reply

Exit mobile version