ဖတ်ထလုန်း (Phatthalung) ခရိုင်မှာ မြန်မာကလေးငယ် ၃ ဦးဟာ သူတို့ကို ခေါ်လာတဲ့ ပွဲစားက လမ်းမှာ စွန့်ပစ်ထားခဲ့တာကြောင့် ဆီဆိုင်ဝန်ထမ်းတွေဆီမှာ ငိုယိုပြီး အကူအညီတောင်းခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဒီကလေးငယ် ၃ ဦးကတော့ အသက် ၁၅ နှစ်အရွယ်ယောင်္ကျားလေး၊ အသက် ၁၃ နှစ်အရွယ်မိန်းကလေး မောင်နှမနှစ်ဦးနဲ့ နောက်ထပ် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်လာလုပ်ဖို့အတွက် ပွဲစားကို တစ်ဦးကို ဘတ် ၂၀,၀၀၀ ကျော် ပေးခဲ့ရတယ်လို့ သိရပြီး ဘယ်အလုပ်လုပ်ရမယ်ဆိုတာ မသိသေးကြောင်းနဲ့ ထိုင်းနိုင်ငံထဲ ရောက်တာ နှစ်ရက်ပဲ ရှိသေးတယ်လို့ပြောပါတယ်။

ဘန်ကောက်ကနေ ထိုင်း-မလေးရှား နယ်စပ်ဘက်ကို ဘက်စ်ကားစီးခဲ့ပြီး ပွဲစားက တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးနောက် သူတို့ကို ဆီဆိုင်မှာ ဆင်းခိုင်းကာ စွန့်ပစ်ထားခဲ့တာလို့ ကလေးတွေက ပြောပြခဲ့ပါတယ်။ ကလေးတွေက ထိုင်းစကား လုံးဝမတတ်လို့ လက်ဟန်နဲ့ပဲ ပြောဆိုနိုင်ခဲ့ကြပါတယ်။ဆီဆိုင်ဝန်ထမ်းတွေက အခြေအနေကို သိသိချင်း ရဲစခန်းကို အကြောင်းကြားပြီး ကလေးတွေကို ခေါ်ယူ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ထိုင်းစကားပြောတတ်တဲ့ မြန်မာလူမျိုးဖြစ်နိုင်တယ်လို့ ခန့်မှန်းရတဲ့ ပွဲစားကို ဖုန်းနဲ့ ဆက်သွယ်ရာမှာ တရားဝင်ဝင်လာတာဖြစ်ပြီး စာရွက်စာတမ်းတွေ သူ့ဆီမှာ ရှိပါတယ်လို့ ပြောတာကြောင့် ပွဲစားနဲ့တွေ့ဖို့ ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။

အဓိကပြဿနာကတော့ အသက် ၁၃ နှစ်အရွယ် ကလေးကို အလုပ်ခန့်ထားဖို့ လုံးဝတားမြစ်ထားတာပါ။ အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်အရွယ် ကလေးတွေဆိုရင်တောင် တရားဝင် အလုပ်လုပ်ခွင့်လိုင်စင်နဲ့ စာရွက်စာတမ်းတွေ ရှိရမှာဖြစ်ပြီး အခု သူတို့မှာ ဘာအထောက်အထားမှ မရှိတာကြောင့် ရဲတပ်ဖွဲ့က ဒီကလေးတွေကို ပွဲစားက ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ခဲ့တာလား၊ ဒါမှမဟုတ် လူမှောင်ခိုကူးမှုနဲ့ ဆက်စပ်နေသလားဆိုတာကို ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။ တကယ်လို့ တရားမဝင် ဝင်ရောက်မှု၊ သို့မဟုတ် လူမှောင်ခိုကူးမှု မြောက်တယ်ဆိုရင်တော့ ပွဲစားကို ဥပဒေအရ ပြင်းထန်စွာ အရေးယူပြီး ကလေးတွေကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပြီး မြန်မာပြည်ပြန်ပို့မှာ ဖြစ်တယ်လို့ khaosod သတင်းသိရပါတယ်။

Share.
Leave A Reply

Exit mobile version