ပတ္တရားမြို့ရဲ့ နာမည်ကြီး Boss Club မှာ စက်တင်ဘာလ ၂၆ ရက်နေ့က အိန္ဒိယလူမျိုး မန်နေဂျာ တစ်ဦးဟာ ဂိုဏ်းစတားဆန်ဆန် ပြုမူပြီး သူ့ရဲ့ ကိုယ်ရံတော်တွေနဲ့အတူ VIP အိန္ဒိယ ခရီးသွားတစ်ဦး ကို ရိုက်နှက်ခဲ့တဲ့ ကိစ္စ ဖြစ်ပွားခဲ့ပါတယ်။ ဒီ VIP ဖောက်သည်ဟာ များသောအားဖြင့် နောက်နေ့မှ ငွေရှင်းလေ့ရှိပြီး ဒါကိုလည်း ဆိုင်တွေက သိထားကြတာပါ။ ဒါပေမဲ့ မန်နေဂျာက ငွေမရှင်းရသေးလို့ဆိုပြီး ရိုက်နှက်၊ သေနတ်နဲ့ပါ ချိန်ရွယ်ခြိမ်းခြောက်ခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ ပတ္တရားရဲ့ ခရီးသွားလုပ်ငန်း ပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ Bang Lamung ခရိုင် အုပ်ချုပ်ရေးမှူး ရဲ့ အမိန့်နဲ့ အုပ်ချုပ်ရေးအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးရဲ၊ မြို့နယ်ရဲနဲ့ ခရီးသွားရဲတပ်ဖွဲ့ အင်အား ၁၀၀ ခန့် ဟာ Boss Club ကို ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချိန်မှာ ထိုင်းနဲ့ နိုင်ငံခြားသား ခရီးသည် လူ ၃၀၀ ကျော် သောက်စားပျော်ပါးနေကြတာကို တွေ့ရပြီး အာဏာပိုင်တွေက လှုပ်ရှားမှုတွေကို ချက်ချင်း ရပ်ခိုင်းခဲ့ပါတယ်။
ကလပ်ဝန်ထမ်းတွေကို ဆီးစစ်ကြည့်ရာမှာ ၉ ဦးဟာ မူးယစ်ဆေးဝါး သုံးစွဲထားတာကို တွေ့ရှိခဲ့ရပြီး အိန္ဒိယ၊ မြန်မာ၊ ဥဇဘက်ကစ္စတန် စတဲ့ နိုင်ငံခြားသား ဝန်ထမ်း ၄၀ ကျော် ဟာ အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ ဒါမှမဟုတ် တရားမဝင် လိုင်စင်တွေနဲ့ လုပ်ကိုင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ကလပ်မှာ ရိုက်နှက်မှု ကျူးလွန်ခဲ့တဲ့ အိန္ဒိယ မန်နေဂျာနဲ့ သူ့ကိုယ်ရံတော်တွေကိုတော့ လိုက်ရှာခဲ့ပေမယ့် တစ်ဦးတစ်ယောက်မှ ပေါ်လာခြင်း မရှိဘဲ ရှောင်တိမ်းနေခဲ့ကြပါတယ်။
အုပ်ချုပ်ရေးအာဏာပိုင်တွေက ဥပဒေချိုးဖောက်မှုများစွာနဲ့ ခရီးသွားကို ရိုက်နှက်မှုကြောင့် Boss Club ကို ဒီညကစပြီး ချက်ချင်းပိတ်သိမ်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဆိုင်ကို အပြီးတိုင် ပိတ်သိမ်းနိုင်ရေးအတွက် ခရိုင်ဝန်ဆီကို ဆက်လက် တင်ပြသွားမှာ ဖြစ်ပြီး ရိုက်နှက်မှု ကျူးလွန်သူတွေကိုလည်း ဥပဒေအရ အပြစ်ပေးနိုင်ဖို့ အပြင်းအထန် ဆက်လက် ဖမ်းဆီးသွားမယ် လို့ matichon သတင်းအရ သိရပါတယ်။