နိုင်ငံတွင်း ကာလကြာရှည် နေထိုင်လာတဲ့ တိုင်းရင်းသားတွေနဲ့ နေရပ်စွန့်ခွာ ဒုက္ခသည်တွေရဲ့ ကလေးတွေကိုနိုင်ငံသားပေးတာနဲ့ မှတ်ပုံတင်ပြုလုပ်ပေးတဲ့ လုပ်ငန်းစဉ်တွေမှာ လာဘ်စားမှုတွေ ရှိနေကြောင်း ထိုင်း လွှတ်တော်အမတ်တွေက ပြောကြားလိုက်ပါတယ်။ ဒီလို လာဘ်စားမှုတွေကို စုံစမ်းပေးဖို့ ပြည်ထဲရေးဌာနကို တိုင်ကြားလိုက်တာလည်း ဖြစ်ပါတယ်။ 

ဘာကြောင့်လဲ

ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ လူပေါင်း ၄၈၃,၆၂၆ ဦးအတွက် နိုင်ငံသားဖြစ်ခွင့်နဲ့ မှတ်ပုံတင်ပြုလုပ်ပေးဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။  ဒီလူတွေထဲမှာ စစ်ဘေးရှောင်တွေနဲ့ တိုင်းရင်းသားတွေ အပါအဝင်ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်ရဖို့အတွက် ထိုင်းနိုင်ငံမှာ အနည်းဆုံး ၁၅ နှစ် ဆက်တိုက်နေထိုင်ပြီး သတ်မှတ်ထားတဲ့ မှတ်ပုံတင်တွေ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် အစိုးရက သတ်မှတ်ထားတဲ့ ပုံမှန်အခကြေးငွေက ၁၆၀ ဘတ် ပဲရှိပါတယ်။ဒါပေမဲ့ တိုင်ကြားစာတွေအရ ချင်းမိုင်ပြည်နယ်က ဒေသခံတွေဟာ နိုင်ငံသားဖြစ်ခွင့်နဲ့ မှတ်ပုံတင်ရဖို့အတွက် ထောင်နဲ့ သောင်းချီတဲ့ ဘတ်ငွေတွေ လာဘ်ထိုးခဲ့ရတယ်လို့ သိရပါတယ်။

ပမာဏဘယ်လောက်ရှိနိုင်လဲ

ဒီလိုလာဘ်စားမှုမျိုးက ချင်းမိုင်တစ်ခုတည်းမှာ မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေနိုင်တယ်လို့ လွှတ်တော်အမတ်တွေက သုံးသပ်ပါတယ်။ အကယ်၍ နိုင်ငံသားဖြစ်ခွင့်ရမယ့် လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကသာ တစ်ယောက်ကို ဘတ် ၂၀,၀၀၀ ပေးရမယ်ဆိုရင် စုစုပေါင်း ဘတ် ၂.၄ ဘီလီယံလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တိုင်ကြားလိုပါက

ငွေတောင်းခံရသူတွေအနေနဲ့ ဓာတ်ပုံ၊ မက်ဆေ့၊ အသံဖိုင် သို့မဟုတ် ဗီဒီယိုဖိုင်တွေကို သိမ်းဆည်းထားပြီး လွှတ်တော်အမတ် မစ္စတာ ဆွမ်ဒွန်ရဲ့ Facebook စာမျက်နှာကို ပို့ပေးနိုင်ပါတယ်။ အစိုးရကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ပတ်သက်တဲ့သူတွေကို အရေးယူသွားမယ်လို့ ch7 သတင်းအရ သိရပါတယ်။

Share.
Leave A Reply

Exit mobile version