မြန်မာပြည် ပြန်ပို့မည် 

ကန်ချနပူရီခရိုင်၊ ဆန်ခလာဘူရီမြို့နယ်မှာ တရားမဝင် မြန်မာနိုင်ငံသား ၇၀ ဦးကို မြန်မာလမ်းပြတစ်ဦးက လမ်းခုလတ်မှာထားခဲ့ပြီးနောက်  ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ အခြားပြည်နယ်တွေကို ဆက်လက်ထွက်ခွာဖို့ လှေစောင့်ဆိုင်းနေချိန်မှာ အဖမ်းခံခဲ့ရတာပါ။

ဖမ်းဆီးရမိသူ ၇၀ ဦးထဲမှာ အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၂၂ ဦး ပါဝင်ပြီး ထိုင်းဘာသာစကားကို မပြောနိုင်ကြသလို တရားဝင်စာရွက်စာတမ်းလည်း တစ်ခုမှမရှိဘူးလို့ သိရပါတယ်။ သူတို့ဟာ သဘာဝနယ်စပ်လမ်းကြောင်းတွေကနေ ဝင်ရောက်လာခဲ့တာဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေ ရှောင်ဖို့အတွက် တောလမ်းကနေ ဖြတ်သန်းလာခဲ့ကြတယ်လို့ စစ်ဆေးမေးမြန်းမှုတွေအရ သိရပါတယ်။

ခရီးစဉ်ကို ဦးဆောင်တဲ့မြန်မာလမ်းပြက သူတို့ကို လမ်းခုလတ်မှာ ပစ်ထားခဲ့ပြီး မြန်မာပြည်ပြန်သွားတယ်လို့ ဆိုပါတယ်။ လုပ်သားတွေအနေနဲ့ လှေနဲ့ဆက်လက်ထွက်ခွါဖို့ စောင့်ဆိုင်းနေတုန်းမှာပဲ အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အခုဖမ်းဆီးခံရသူတွေကို ဆန်ခလာဘူရီရဲစခန်းကို ပို့ဆောင်ပြီး တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ တရားစွဲဆိုထားပါတယ်။ နောက်ပိုင်းမှာတော့ ကန်ချနပူရီလူဝင်မှုကြီးကြပ်ရေးရုံးကနေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ Thaiger သတင်းအရ သိရပါတယ်။

ကန်ချနပူရီခရိုင်ဟာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု အများဆုံးနေရာတစ်ခုဖြစ်ပြီး ဒီလိုဖမ်းဆီးမှုတွေကလည်း မကြာခဏဆိုသလို ဖြစ်ပွားနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းကလည်း မြန်မာနိုင်ငံသား ၁၀၀ ကို ဖမ်းဆီးရမိခဲ့သလို၊ ဇွန်လတုန်းကလည်း ရာဘာခြံထဲ ပုန်းနေတဲ့ မြန်မာ ၂၀ ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။အာဏာပိုင်တွေဟာ လမ်းပြတွေနဲ့ ပွဲစားတွေကို ပစ်မှတ်ထားပြီး ရှာဖွေစစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Share.
Leave A Reply

Exit mobile version