ချင်းမိုင်မြို့မှာ မူပိုင်ခွင့်မရှိဘဲ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို တရားမဝင် ထုတ်လွှင့်ပြသနေတဲ့ ကွန်ရက်တွေကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ငွေကြေးတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဒီကွန်ရက်ဟာ အွန်လိုင်းလောင်းကစားတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
ဒီစီမံချက်ကို အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (Amlo) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ tvsod.com, ballza.com, 7mscorethai.com နဲ့ amloin789.com စတဲ့ တရားမဝင် ဝက်ဘ်ဆိုက် ၉ ခုကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဒီဝက်ဘ်ဆိုက်တွေကနေ ဘောလုံးပွဲတွေကို အခမဲ့ပြသပေးခဲ့ပေမဲ့ ကြည့်ရှုသူတွေကို ဘောလုံးပွဲလောင်းကစား၊ ထီ၊ ဘိုင်အိုကဒ်နဲ့ စလော့ဂိမ်းတွေလို အွန်လိုင်းလောင်းကစားတွေဆီကို လမ်းကြောင်းပြောင်းပေးခဲ့တာပါ။ အဓိကအားဖြင့်တော့ ဒီလုပ်ငန်းတွေကို နိုင်ငံခြားကနေ ကြိုးကိုင်နေကြတာလို့ သိရပါတယ်။
DSI ရဲ့ ထုတ်ပြန်ချက်အရ ဒီလိုတရားမဝင်ထုတ်လွှင်မှုတွေကြောင့် ဘတ်ငွေ ၂ ဘီလီယံလောက် TrueVisions ကို နစ်နာစေခဲ့ပြီး ကမ္ဘာတစ်ဝန်းက လောင်းကစားတွေကနေလည်း ဘတ်ငွေ ၂၄၀ သန်းလောက် ဆုံးရှုံးစေခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စမှာ ပတ်သက်နေသူ ၄ မျိုးရှိနေပြီး ငွေလွှဲပြောင်းရာမှာ အသုံးပြုခံခဲ့ရတဲ့ အကောင့်ပိုင်ရှင်တွေ၊ ဝက်ဘ်ဆိုက်ရေးဆွဲသူတွေ ၊တရားမဝင်ရရှိလာတဲ့ ငွေတွေကို ငွေဖြူလုပ်ပေးနေတဲ့ သူတွေနဲ့ ဒီလုပ်ငန်းတစ်ခုလုံးကို ဦးစီးပြီး နောက်ကွယ်ကနေ ငွေကြေး ထောက်ပံ့ပေးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ သံသယရှိသူ ၁၀ ဦးလောက်ရှိပြီး တချို့ကိုတော့ တရားစွဲဆိုထားပြီး တချို့ကတော့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ယူဆရပါတယ်။ ဒီစီမံချက်ဟာ မူပိုင်ခွင့်ပိုင်ရှင်တွေကို ကာကွယ်ပေးရုံသာမက ဘောလုံးပွဲတွေကို အသုံးချပြီး လူတွေကို အွန်လိုင်းလောင်းကစားတွေဆီ ဆွဲဆောင်နေတဲ့ တရားမဝင်လုပ်ရပ်တွေကို တိုက်ဖျက်ဖို့အတွက်လည်း ရည်ရွယ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့တယ်လို့ bangkokpost သတင်းက ဖော်ပြပါတယ်။