သီရိလင်္ကာ အလုပ်သမားများ ခေါ်ရန်ဆွေးနွေး

ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား အလုပ်သမားတွေကြား ပြဿနာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး ရန်ပွဲ တစ်ခုသာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ဖုန်ကဝင်က ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ အလုပ်ရှင်နဲ့ အလုပ်သမားကြားက ပြဿနာ မဟုတ်ဘဲ လူနှစ်ဦးကြားက ရန်ပွဲသာ ဖြစ်တယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယား အလုပ်သမားတွေအားလုံးဟာ ထိုင်းနိုင်ငံမှာရှိတဲ့ တခြားသူတွေနဲ့ တူညီတဲ့ ဥပဒေအောက်မှာ ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှု လုံးဝ ရှိမှာမဟုတ်ဘူးလို့လည်း အာမခံခဲ့ပါတယ်။

ကမ္ဘောဒီးယားဘက်က အလုပ်သမား ၂၀၀,၀၀၀ ကျော် နိုင်ငံသို့ ပြန်သွားပြီ ဆိုသော်လည်း တိကျတဲ့ ကိန်းဂဏန်း အချက်အလက်တွေ မရှိသေးဘူးလို့ ဆိုပါတယ်။ဒါ့အပြင် ကမ္ဘောဒီးယား အလုပ်သမားတွေ ပြန်သွားတာကြောင့် ထိုင်းလုပ်ငန်းတွေအပေါ် သက်ရောက်မှုက အများကြီးမရှိသေးဘူး လို့ ဝန်ကြီးကပြောပါတယ်။ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေအစား သီရိလင်္ကာက အလုပ်သမားတွေ ခေါ်ယူဖို့ ဆွေးနွေးနေပြီး လုံခြုံရေးဘက်က ခွင့်ပြုရင် သီရိလင်္ကာ အလုပ်သမားတွေကို ဆက်ပြီး ခေါ်ယူသွားမယ်လို့လည်း ဆိုပါတယ်။

ကမ္ဘောဒီးယား အလုပ်သမားတွေရဲ့ ခွင့်ပြုမိန့် သက်တမ်းဟာ ဩဂုတ် ၉ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် ၆ လ ထပ်တိုးဖို့ ဝန်ကြီးအဖွဲ့က အတည်ပြုပြီးကြောင်းနဲ့  ထိုင်းကနေ ပြန်သွားခဲ့ပြီး ပြန်လာချင်တဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေအတွက်ကတော့ ထိုင်းနိုင်ငံက သူတို့ကို ပိတ်ပင်ထားမှာ မဟုတ်ပါဘူး လို့ သူက ပြောပါတယ်။ ရာဇဝတ်မှု မှတ်တမ်း ဒါမှမဟုတ် တခြားပြဿနာတွေ မရှိဘူးဆိုရင် ထိုင်းနိုင်ငံက လူမျိုးမခွဲခြားဘဲ ဘယ်သူ့ကိုမဆို ကြိုဆိုပါတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

သတင်း – thaiPBS

Share.
Leave A Reply

Exit mobile version