ကန်ချနာဘူရီပြည်နယ်မှာ ဇူလိုင်လ ၁၄ ရက်နေ့က ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန်အတွက် ပွဲစားကို ဘတ် ၃၀၀၀၀ ပေးပြီး ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ယာဉ်မောင်းကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ သတင်းပေးရဲ့ ထောက်လှမ်းမှုအရ မြို့နယ်အတွင်း နိုင်ငံခြားသား အလုပ်သမားတွေ ဖြတ်သန်းသွားလာမယ်ဆိုတဲ့ သတင်းရရှိပြီးနောက် အခုလို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
သတင်းအချက်အလက်တွေအရ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆိုင်းယို့-ကန်ချနာဘူရီ လမ်းမပေါ်မှာ ကင်းလှည့်နေစဉ် အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူတွေက လိုက်လံ ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ယာဉ်မောင်းက ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး လမ်းပိတ်မှာ ကားကိုပြန်လည်ဖမ်းမိခဲ့ပေမယ့် ယာဉ်မောင်းကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ကားအတွင်း ရှာဖွေကြည့်ရာမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၂ ဦးကို တွေ့ရှိခဲ့ရပြီး အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ လူငယ်အမျိုးသား ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။စစ်ဆေးကြည့်ရာမှာ အထောက်အထားစာရွက်စာတမ်းတွေလဲ မရှိကြဘူးလို့ ဆိုပါတယ်။ စကားပြန်မှတစ်ဆင့် ထွက်ဆိုချက်တွေအရ ၎င်းတို့အနေနဲ့ မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့ ကနေ သဘာဝလမ်းကြောင်းအတိုင်း ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတာဖြစ်ပြီး ပြည်တွင်းမှာ အလုပ်ရှာဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပွဲစားခအဖြစ် တစ်ဦးကို ဘတ် ၃၀,၀၀၀ စီ ပေးဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
သက်သေခံပစ္စည်းအနေနဲ့ ပစ်ကပ်ကားတစ်စီးနဲ့ လိုင်စင်နံပါတ်ပြားအတု ၄ ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ မြန်မာလုပ်သားအားလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲကို ဝင်ရောက်နေထိုင်မှုနဲ့ တရားစွဲဆိုကာ ကန်ချနာဘူရီမြို့နယ် ရဲစခန်းကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း – ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี