ထိုင်းနိုင်ငံ ချွန်ပူရီမြို့နယ်၊ ဘန်းဘဲခရိုင်ရှိ ကားအပိုပစ္စည်းထုတ်လုပ်သော စက်ရုံတစ်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ဦးအား ကြိုတင်အသိပေးခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှစ၍ စက်ရုံပိတ်သိမ်းမယ်လို့ဆိုကာ အလုပ်ထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
အလုပ်သမားတွေအနေနဲ့ ၎င်း စက်ရုံမှာ လုပ်သက် ၇ နှစ်ကနေ ၁၃ နှစ်အထိကြာအောင် လုပ်ကိုင်ခဲ့ကြသူတွေဖြစ်ပြီး အဆိုပါ အလုပ်သမားတွေကို စက်ရုံဘက်မှ ပိတ်သိမ်းမည့်အကြောင်း ကြိုတင်အသိပေး အကြောင်းကြားတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။၂၀၂၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှသာ စက်ရုံပိုင်ရှင်ကိုယ်စားလှယ်က အလုပ်သမားတွေကို စက်ရုံပိတ်မယ်လို့ ခေါ်ယူအကြောင်းကြားခဲ့တာပါ။
စက်ရုံမှ အလုပ်သမားများအတွက် လုပ်ခတစ်လစာနှင့် အပိုငွေ ဘတ် ၅,၀၀၀ ကို နစ်နာကြေးအဖြစ် ပေးအပ်ခဲ့သော်လည်း လုပ်သက်အလိုက် ထိုက်တန်တဲ့နစ်နာကြေးမရတာကြောင့် အလုပ်သမားတွေအနေနဲ့ M.H.A.C (မဟာမိတ်အဖွဲ့) ထံ အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
“လုပ်သက်ရှိပြီးသားအလုပ်သမားတွေကို အလုပ်ဖြုတ်တဲ့အခါ ဥပဒေအရ လုပ်သက်နစ်နာကြေးပေးရမှာ ရှိပါတယ်။အချို့အလုပ်သမားတွေက ဒါကိုမသိကြဘူး ။ အလုပ်ရှင်တွေက ထိုက်တန်တဲ့လစာ မပေးပဲ အလုပ်ထုတ်ခံရတာပဲ ဖြစ်ဖြစ် အလုပ်ပိတ်သိမ်းတာပဲ ဖြစ်ဖြစ် သူ့ရဲ့လုပ်သက်အလိုက် နစ်နာကြေး၊လျော်ကြေးရှိပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီဥပဒေနဲ့အညီတောင်းဖို့လိုပါတယ်။ ထိုင်းမှာဆိုရင်တော့ ဆဝါဒီကန်ရုံးတွေမှာ သွားရောက်တိုင်ကြားနိုင်ပါတယ်။ အချို့အလုပ်သမားတွေဆို တိုင်ဖို့လည်းမသိတာကြောင့် တစ်လစာယူပြီး အလုပ်ထွက်လိုက်ရတာမျိုးတွေရှိပါတယ်။ ဒါကအလုပ်သမားတွေအတွက် အရမ်းနစ်နာပါတယ်။” လို့ MHAC မဟာမိတ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
လက်ရှိမှာတော့ MHAC မဟာမိတ်အဖွဲ့နဲ့ NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတို့ ပူပေါင်းကာ ဆာဝါဒီကန်ရုံးမှာ သွားရောက်တိုင်ကြားပေးခဲ့ပြီး အလုပ်သမားများအတွက် လုပ်သက်အလိုက် ထိုက်တန်သော နစ်နာကြေးများ ပြန်လည်ရရှိစေရန် ကူညီလုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။