အနားရှိသူများ ကယ်ဆယ်သဖြင့် ၇ ဦး အသက်ရှင်
ပထုံဌာနီခရိုင်၊ ကလောင် ၁၃ လမ်းမပေါ်မှာ အလှူသွားပြီးပြန်လာတဲ့ မြန်မာလုပ်သား ၁၃ ဦး တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစ်စီးဟာ အရှိန်လွန်ကာ ရေမြောင်းထဲထိုးကျသွားခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် ကားထဲပိတ်မိသူနဲ့ ရေနစ်သူ စုစုပေါင်း ၆ ဦး နေရာတင် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၃၀ ရက်၊ ည ၁၀ နာရီဝန်းကျင်မှာ ပထုံဌာနီခရိုင်၊ ကလောင် ၁၃ လမ်းဘေးမှာ အမိုးအကာပါတဲ့ ပစ်ကပ်ကားတစ်စီး လမ်းဘေးအတားအဆီး ကို တိုက်မိပြီး ရေမြောင်းထဲထိုးကျသွားခဲ့တာပါ။ မတော်တဆ ဖြစ်ပွားချိန်မှာ အနီးနားက ထိုင်းရွာခံတွေဟာ ရေထဲကို အပြေးအလွှား ခုန်ဆင်းကယ်ဆယ်ခဲ့ကြလို့ ၇ ဦးကိုတော့ အသက်ရှင်လျက် ဆွဲတင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၆ ဦးကတော့ ရေအောက်ထဲ ကားနဲ့အတူ နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ယာဉ်မောင်းဟာ လမ်းမကျွမ်းကျင်တာကြောင့် လမ်းဖြောင့်ကနေ လမ်းကွေ့အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာလို့ ယူဆရပါတယ်။ သေဆုံးသွားသူတွေထဲမှာ အမျိုးသားရော အမျိုးသမီးပါ ပါဝင်ပြီး သူတို့ရဲ့ ပက်စပို့ နဲ့ အထောက်အထား စာရွက်စာတမ်းတွေပါ ရေထဲမှာ ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ရုပ်အလောင်းတွေကို ဆယ်ယူနေပြီး ဒဏ်ရာရသူတွေကို ဆေးရုံ ပို့ဆောင်ထားပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ နစ်မြုပ်နေတဲ့ ကားထဲကနေ ရုပ်အလောင်း ၃ လောင်း ကို ဆယ်ယူနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ ၃ ဦး ကတော့ ရေတံခါးအနီး ရေစီးသန်တာကြောင့် မျောပါသွားတယ်လို့ ယူဆရတာကြောင့် လက်ရှိအချိန်ထိ ရှာမတွေ့သေးပါဘူး။လက်ရှိမှာတော့ ကယ်ဆယ်ရေးသမားတွေဟာ ရေစီးသန်တဲ့ကြားက အသည်းအသန် ဆက်လက်ရှာဖွေနေကြတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။