ရယောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဟာ တရားဝင် အလုပ်လုပ်ခွင့်ပါမစ် မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို စစ်ဆေးဖမ်းဆီး အရေးယူလိုက်ကြောင်း ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အထောက်ထားမရှိသေးသူတွေကို ဘတ်အသစ်ဖွင့်ပေးမယ့် လုပ်ငန်းစဉ်ကို ယမန်နေ့က ကြေညာပြီး ဒီကနေ့မှာ အလုပ်သမားတွေ အစုလိုက်ဖမ်းဆီးခံရတဲ့ သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒီဖမ်းဆီးမှုဟာ ရဲမှူးကြီး ရယောင်း လူဝင်မှုကြီးကြပ်ရေးရုံးမှူး ရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဓိကတာဝန်ယူ ဆောင်ရွက်သူကတော့ ဒု-ရုံးမှူး ရဲမှူး ချန်းယရတ် ဘူထောင်ချန်း ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးနဲ့ နှိမ်နင်းရေးအဖွဲ့ဟာ ရယောင်းခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံး နဲ့ ပူးပေါင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို နိုင်ငံခြားသား အလုပ်သမားများ ဥပဒေအရ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ခြင်းဆိုတဲ့ စွဲချက်နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ရယောင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဟာ ဥပဒေမဲ့ လှုပ်ရှားမှုတွေကို ဆက်လက် စောင့်ကြည့်အရေးယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။