သက်တမ်းတိုးရန် ရက် ၂၀ သာ ကျန်ရှိ
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက်တမ်းတိုး ထုတ်ပေးရေးလုပ်ငန်းတွေကို ယခင်ကြေညာထားတဲ့အတိုင်း ယခု ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပိတ်သိမ်းတော့မယ်လို့ ထပ်မံကြေညာလိုက်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ နောက်ဆုံးလုပ်ပေးမှာ ဖြစ်တာကြောင့် CI သက်တမ်းတိုး ဆောင်ရွက်ဖို့ ရက်၂၀ သာ ကျန်ရှိတာ ဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံအတွင်း CI ထုတ်ပေးရေးစခန်း ၄ ခု ကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်နဲ့ ဆူရတ်ဌာနီ မြို့တွေမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ကစပြီး ဖွင့်လှစ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Mobile Unit ၁ ဖွဲ့ ကိုလည်း ကရာဘီ မြို့မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ကစပြီး စတင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အဆိုပါ CI စခန်း ၄ ခုနဲ့ Mobile Unit ၁ ခုတို့မှာ ဆောင်ရွက်ပေးနေတဲ့ CI သက်တမ်းတိုး ထုတ်ပေးခြင်းလုပ်ငန်းစဉ်အားလုံးဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် CI သက်တမ်းတိုးဖို့ ကျန်ရှိနေသေးတဲ့သူတွေ အနေနဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မတိုင်ခင် သတ်မှတ်ထားတဲ့ စခန်းတွေ ဒါမှမဟုတ် Mobile Unit မှာ အချိန်မီ သွားရောက်ပြီး CI သက်တမ်းတိုးဖို့ အမြန်ဆုံး ဆောင်ရွက်ကြဖို့ အလုပ်သမားသံအရာရှိရုံး facebook page က အသိပေးကြေညာထားပါတယ်။