နှစ်ပတ်အတွင်း သန့်ရှင်းရေး အပြီးသတ်မည်
ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူ ဟာ ဟက်ယိုင် မြို့ ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ကိုယ်တိုင် ကြီးကြပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီရေကြီးမှုက ဆူနာမီထက်တောင် ပိုဆိုးတယ် လို့ သူက မှတ်ချက်ပြုခဲ့ပြီး ပြည်သူတွေရဲ့ ဘဝကို အမြန်ဆုံး ပြန်လည်စတင်နိုင်ဖို့ တိကျပြတ်သားတဲ့ အချိန်ဇယားတစ်ခုကို အမိန့်ပေး ချမှတ်ခဲ့ပါတယ်။
ဝန်ကြီးချုပ်ရဲ့ အဓိက ပန်းတိုင်နှစ်ခုကတော့ ၇ ရက်အတွင်း ရေဘေးသင့် ပြည်သူတွေ အားလုံး နေအိမ်တွေကို ပြန်လည် ဝင်ရောက်နိုင်ရဖို့နဲ့ ၁၄ ရက်အတွင်း ဟတ်ယိုင်မြို့ တစ်မြို့လုံး သန့်ရှင်းသပ်ရပ်မှု ရှိဖို့ပဲ ဖြစ်ပါတယ်။ ရေကျသွားပေမယ့် ပြည်သူတွေ အိမ်မပြန်နိုင်သေးတဲ့ အဓိက အခက်အခဲကတော့ လျှပ်စစ်မီးပါ။ ရေကြောင့် အိမ်ထဲက ဘရိတ်ကာတွေ မီးရှော့ခ်ဖြစ်နေပြီး လျှပ်စစ်မီး ပေးလို့မရ ဖြစ်နေတာကြောင့် PEA (လျှပ်စစ်) အဖွဲ့ ကို ပြုပြင်ရေးတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ အရှိန်မြှင့်ခိုင်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေပေးဝေမှုတွေလည်း တဖြည်းဖြည်း ပြန်လည်စတင်နေပြီလို့ ဆိုပါတယ်။
လမ်းတွေပေါ်မှာ ပုံနေတဲ့ အမှိုက်ပုံကြီးတွေနဲ့ ပျက်စီးသွားတဲ့ ပစ္စည်းတွေကို ရှင်းလင်းဖို့ အားထုတ်နေပြီး စစ်တပ်နဲ့ အစိုးရဌာနတွေက စက်ယန္တရားတွေ အားလုံးကို အသုံးပြုနေသလို လိုအပ်ရင် အပြင်က ကန်ထရိုက်တာတွေ ငှားရမ်းပြီး မြို့ထဲကနေ အမြန်ဆုံး သယ်ထုတ်ရှင်းလင်းဖို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ဒါ့အပြင် ဝန်ကြီးချုပ်က လျော်ကြေးငွေ ဘတ် ၉,၀၀၀ က မလုံလောက်ဘူးဆိုတာ ဝန်ခံခဲ့ပြီး စီးပွားရေး နာလန်ထူရေးအတွက် ထပ်ဆောင်း အစီအမံတွေကို အတည်ပြုဖို့ စီစဉ်နေပါတယ်။
အိမ်ထောင်စုတိုင်းကို မူလအကူအညီအပြင် အိမ်ပြုပြင်ဖို့အတွက် အများဆုံး ဘတ် ၄၉,၀၀၀ ထပ်တိုးပေးဖို့ ဥပဒေအရ ဆောင်ရွက်နေပါတယ်။ ပြည်သူတွေ ဘဝပြန်လည်စတင်နိုင်ဖို့ ပျက်စီးသွားတဲ့ ပစ္စည်းတွေ ပြန်ဝယ်ဖို့အတွက် ဘတ် ၁ သိန်းအထိ အတိုးမဲ့ ချေးငွေ ကို ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်ပေးမှာ ဖြစ်ပြီး ဒီချေးငွေကို ၁ နှစ်အတွင်း ပြန်ဆပ်ရမှာပါ။ ဒီအကူအညီတွေအတွက် ဘတ်ဂျက် လုံးဝ အခက်အခဲမရှိ ဘူးလို့ အာမခံထားပြီး ကျန်ရှိတဲ့ စီးပွားရေး အစီအမံတွေကို ဒီကနေ့ စီးပွားရေးဝန်ကြီးအဖွဲ့ အစည်းအဝေး မှာ အမြန်ဆုံး အတည်ပြုသွားမယ်လို့ ch7 သတင်းအရ သိရပါတယ်။