ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီး ထရီနုချ်သီယန်ထောင် က ရေဘေးဒဏ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေအတွက် အရေးပေါ်အကူအညီအစီအမံတွေကို အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ပြောကြားလိုက်ပါတယ်။
အဓိက အထောက်အပံ့တွေအနေနဲ့ ရေဘေးလိုမျိုး သဘာဝဘေးအန္တရာယ်ကြောင့် အလုပ်မရှိဘဲ ဖြစ်သွားရင် လစာရဲ့ ၅၀% ကို ၆ လအထိ လျော်ကြေးငွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အလုပ်သမားအာမခံ ပုဒ်မ ၃၃ အရ အာမခံထားရှိသူတွေ ရေဘေးကြောင့် သေဆုံးသွားခဲ့ရင် တစ်ဦးကို ဘတ် ၅၀,၀၀၀ ဈာပနစရိတ် ထောက်ပံ့ပေးသွားမှာပါ။ အလုပ်သမား ဝန်ကြီး နဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အကြီးအကဲတွေဟာ စုန်ခလာခရိုင်ကို ကိုယ်တိုင်ဆင်းပြီး ဒေသခံ အလုပ်သမားရေးရာ ၅ ဖွဲ့ကို အမြန်ဆုံး အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထပ်ဆောင်း အစီအမံတွေအနေနဲ့
အရေးပေါ်အလုပ်ခန့်အပ်မှု: လုပ်သား (၄,၀၀၀) ဦးကို တစ်ရက် ဘတ် ၃၀၀ နှုန်း နဲ့ ၁၀ ရက်အထိ အရေးပေါ်အလုပ်အကိုင်တွေ ပေးမှာပါ။
အတိုးနှုန်းနည်း ချေးငွေ: ရေဘေးသင့် အလုပ်သမားတွေ အိမ်ပြင်ဖို့၊ အသက်မွေးဝမ်းကျောင်း ပြန်လည်စဖို့အတွက် အလုပ်သမားရန်ပုံငွေကနေ အတိုးနည်းချေးငွေ ထုတ်ပေးမှာဖြစ်ပါတယ်။
စက်ရုံလုပ်ငန်းများအတွက် ချေးငွေ: ပျက်စီးသွားတဲ့ စက်ပစ္စည်းတွေ၊ စက်ရုံတွေကို လုံခြုံရေး ပြန်လည် ကောင်းမွန်အောင် ပြုပြင်ဖို့ အလုပ်ရှင်တွေအတွက်လည်း ရန်ပုံငွေကနေ ချေးငွေ ထုတ်ပေးမှာပါ။
အခမဲ့ ပြုပြင်ရေးစင်တာ: ပြည်သူတွေ အဆင်ပြေစေဖို့ မော်တော်ဆိုင်ကယ်နဲ့ လျှပ်စစ်ပစ္စည်းတွေကို အခမဲ့ ပြုပြင်ပေးတဲ့ စင်တာတွေ ကိုလည်း ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
ဝန်ကြီး ပြောကြားချက်အရ စုန်ခလာခရိုင်မှာတင် မြို့နယ် ၁၆ ခု၊ ရပ်ကွက် ၁၂၇ ခု ရေဘေးဒဏ် ခံခဲ့ရပြီး လုပ်ငန်းပေါင်း ၁၀,၀၄၅ ခု ပျက်စီးကာ အာမခံထားရှိသူ ၇၃၀,၅၉၉ ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ အာမခံထားရှိသူ ၅ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားပါတယ်။
သတင်း – khaosod