ထိုင်းနိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ အကောင်းဆုံး စည်းမျဉ်းတစ်ခုဖြစ်တဲ့ နေ့လယ် ၂ နာရီကနေ ၅ နာရီအထိ အရက်ရောင်းချခွင့် ပိတ်ပင်ထားတာကို ဖျက်သိမ်းတော့မယ်လို့ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဆိုဖွန်ဆာရွန်းက အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ နှစ်သစ်ကူးနဲ့ သင်္ကြန်လို ပွဲတော်ကြီးတွေမှာ နိုင်ငံရဲ့ စီးပွားရေးကို အားအပြင်းဆုံး တွန်းအားပေးဖို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။
မစ္စတာ ဆိုဖွန် က ဒီနေ့လယ်ပိုင်း ပိတ်ပင်မှုဟာ မူလက နိုင်ငံ့ဝန်ထမ်းတွေ နေ့လယ်ဘက် အရက်မူးတာကို တားဆီးဖို့ ချမှတ်ခဲ့တာ ဖြစ်ပေမဲ့ အခုအချိန်မှာ ဒီစည်းမျဉ်းက ခေတ်မမီတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စားသောက်ဆိုင်တွေနဲ့ အရက်ရောင်းချသူတွေဟာ နေ့လယ်ခင်း Customer အားကောင်းတဲ့ အချိန်ကို ပြန်လည်ရရှိလာမှာဖြစ်ပြီး စီးပွားရေးအတွက် ချက်ချင်း အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။
နေ့လယ်ခင်း ပိတ်ပင်မှု ပယ်ဖျက်တာ သေချာပေမဲ့ ညဘက် အရက်ရောင်းချချိန်ကို တိုးမြှင့်မယ့် ကိစ္စကတော့ ကျန်းမာရေးနဲ့ စီးပွားရေး အုပ်စုနှစ်ခုကြားမှာ ဆက်လက် အချေအတင် ဖြစ်နေဆဲပါ။ ခရီးသွားလုပ်ငန်းကဏ္ဍက နံနက် ၄ နာရီအထိ တိုးမြှင့်ပေးဖို့ တွန်းအားပေးနေပါတယ်။ ဒါပေမယ့် ကျန်းမာရေးကဏ္ဍကတော့ နံနက် ၂ နာရီကနေ ၃ နာရီကြား မူးယစ်မောင်းနှင်မှုကြောင့် သေဆုံးသူများပြားတယ် ဆိုတဲ့ စာရင်းဇယားတွေကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
ဒုတိယဝန်ကြီးချုပ်ကတော့ ကျန်းမာရေးနဲ့ စီးပွားရေး နှစ်ဖက်စလုံး မျှတစေမယ့် အခြေအနေတစ်ခုကို ရှာဖွေဖို့ ကော်မတီကို ညွှန်ကြားထားပြီး အချိန်တိုးမြှင့်တာကိုတော့ ခရီးသွားဇုန်တွေမှာပဲ ကန့်သတ်ထားဦးမှာ ဖြစ်ပါတယ်။ ဒီ အရေးကြီးတဲ့ မူဝါဒ ပြောင်းလဲမှုဟာ ဝန်ကြီးအဖွဲ့ကို တင်စရာမလိုဘဲ ကော်မတီဆုံးဖြတ်ချက်နဲ့ ဝန်ကြီးချုပ်ရုံး အမိန့်ကြော်ငြာစာ အဖြစ် တိုက်ရိုက် ထုတ်ပြန်နိုင်မှာပါ။ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ၁၅ ရက်ကြာ လူထုအသိပေးကာလ တစ်ခု လိုအပ်မှာ ဖြစ်ပြီး အဲဒီနောက်မှာ စည်းမျဉ်းသစ် ချက်ချင်း စတင် အသက်ဝင်မှာ ဖြစ်တယ်လို့ khaosod သတင်းက ဖော်ပြပါတယ်။