၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ စတင်အသက်ဝင်ခဲ့တဲ့ ယမကာထိန်းချုပ်ရေးအက်ဥပဒေအသစ် ဟာ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကဏ္ဍမှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီဥပဒေရဲ့ အဓိက ပြောင်းလဲမှုကတော့ ယမကာရောင်းချသူတွေကိုပဲ အဓိကထားခဲ့တဲ့ စည်းမျဉ်းဟောင်းတွေကို ပိုမိုတင်းကြပ်စေပြီး အခုဆိုရင် ဖောက်သည်ကိုပါ တိုက်ရိုက်အရေးယူတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားတွေကိုပါ ရှုပ်ထွေးစေပါတယ်။
တားမြစ်ချိန်များ
- ယမကာ သောက်သုံးခွင့်မရှိတဲ့ အချိန်တွေကတော့ ညနေ ၂:၀၀ နာရီကနေ ၅:၀၀ နာရီအထိ နဲ့ သန်းခေါင်ယံ ကနေ နံနက် ၁၁:၀၀ နာရီအထိ တို့ပဲ ဖြစ်ပါတယ်။
ဒဏ်ငွေ
- ဒီစည်းမျဉ်းကို ချိုးဖောက်သူတိုင်းဟာ ဘတ်ငွေ ၁၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။
ခရီးသွားလုပ်ငန်းအသင်း ၈ သင်းရဲ့ တောင်းဆိုချက်
ထိုင်းနိုင်ငံရဲ့ ဦးဆောင် ခရီးသွားလုပ်ငန်းနဲ့ ဧည့်ဝတ်ပြုမှုဆိုင်ရာ အသင်းအဖွဲ့ ၈ သင်းဟာ ဒီဥပဒေဟာ ခရီးသွားတွေကို ရှုပ်ထွေးစေပြီး စီးပွားရေးလုပ်ငန်းတွေကို ဆိုးရွားစွာ ထိခိုက်စေတဲ့အပြင် မှောင်ခိုဈေးကွက်ကိုပါ အားပေး နေတယ်လို့ ဆိုပြီး ဝန်ကြီးချုပ်ကို အရေးပေါ် ပယ်ဖျက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ အဓိက တောင်းဆိုချက် ၃ ချက်က
အချိန်ကန့်သတ်ချက်များ ပယ်ဖျက်ရေး
- ညနေ ၂ နာရီမှ ၅ နာရီအထိနဲ့ သန်းခေါင်ကျော် သောက်သုံး၊ရောင်းချမှု တားမြစ်ချက်များကို ရုပ်သိမ်းပေးဖို့။
ဇုန်စည်းမျဉ်းများ ပြန်လည်သုံးသပ်ရေး
- ခရီးသွားလုပ်ငန်းဇုန်တွေမှာ စားသောက်ဆိုင်တွေ လည်ပတ်နိုင်ဖို့ ဇုန်သတ်မှတ်မှု စည်းမျဉ်းတွေကို ပြန်ပြင်ဆင်ပေးဖို့။
အွန်လိုင်းရောင်းချမှု ခွင့်ပြုရေး
- အွန်လိုင်းမှ ယမကာရောင်းချမှု ပိတ်ပင်ချက်ကို ဖျက်သိမ်းပြီး အသက်အတည်ပြုနည်းပညာဖြင့် ထိန်းချုပ်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီဥပဒေကို ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်က စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်ဖို့မဟုတ်ဘဲ၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေး တို့အကြား ဟန်ချက်ညီစေမယ့် တာဝန်ယူမှုရှိတဲ့ မူဘောင်တစ်ခု ဖန်တီးဖို့သာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ဒါ့အပြင် ဥပဒေအသစ်ကို သင့်လျော်စွာ အကောင်အထည်ဖော်ဖို့အတွက် တစ်နှစ်အတွင်း ယမကာထိန်းချုပ်ရေးဘုတ်အဖွဲ့အသစ် ကို ဖွဲ့စည်းပြီး ရောင်းချချိန် အပါအဝင် လိုအပ်တဲ့ ဥပဒေခွဲတွေကို ပြန်လည်သုံးသပ်ရေးဆွဲသွားမယ်လို့ အသိပေးထားပါတယ်။
ယမကာထိန်းချုပ်ရေးကော်မတီရုံး ညွှန်ကြားရေးမှူးက လက်ရှိအချိန်မှာ ချက်ချင်းငွေဒဏ်ချမှတ်တာထက် ပညာပေးတာနဲ့ သတိပေးတာမျိုးကိုပဲ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ထပ်ခါထပ်ခါကျူးလွန်ရင်တော့ အရေးယူမှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
သတင်း – The Nation