ဘန်ကောက်၊ နောင်ချောက်မြို့နယ် ရဲတပ်ဖွဲ့က အသက် ၂၄ နှစ်အရွယ်ရှိ ဘန်မတ် လို့ ခေါ်တဲ့ ထိုင်းနိုင်ငံသား တစ်ဦးအား မြန်မာအမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ချိန်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ပြစ်မှုနဲ့ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီအမှုမှာ တရားခံကို ပြန်လည်လှည့်စားခဲ့တဲ့ နစ်နာသူ ကြောင့် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၁:၃၀ နာရီမှာ အလုပ်ကနေပြန်ပြီး မိတ်မိုင်ထရီလမ်းပေါ် လမ်းလျှောက်နေခဲ့တာပါ။ အဲဒီအချိန်မှာ ဆိုင်ကယ်စီးလာတဲ့ ဘန်မတ်က သေနတ်နဲ့ချိန်ပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးနောက် အမျိုးသမီးကို နာမည်မသိတဲ့ အပန်းဖြေစခန်းတစ်ခု ကို ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးက ထိခိုက်ဒဏ်ရာ မရအောင် ကြောက်ရွံ့ဟန်ဆောင်ပြီး ဘန်မတ်ကို ပြန်လှည့်စားခဲ့ပါတယ်။ သူက ဘန်မတ်ကို “နောက်တစ်ခါ လိုချင်ရင် ဆက်သွယ်လို့ရအောင် ဖေ့စ်ဘွတ်ခ် သူငယ်ချင်း လက်ခံပေးပါ” လို့ တောင်းဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ပြောပြချက်အရ အဓမ္မကျင့်သူဟာ ပရိယာယ်ကို သတိမထားမိဘဲ ဖေ့စ်ဘွတ်ခ်အကောင့်ကို ပေးခဲ့ပြီးနောက် အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးဟာ ချက်ချင်းပဲ နောင်ချောက် ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က တရားခံရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကို ခြေရာခံပြီး လျင်မြန်စွာ စုံစမ်းစစ်ဆေးခဲ့ရာ ဖဒုန်ဖန်လမ်းပေါ်ရှိ သူ့ရဲ့ နေအိမ်မှာ လက်လုပ်သေနတ်၊ ကျည်ဆန်နဲ့ ဆိုင်ကယ်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ဘန်မတ်က ဝန်ခံခဲ့ကာ အွန်လိုင်းလောင်းကစားက ရတဲ့ ပိုက်ဆံနဲ့ ယာဘ သုံးစွဲပြီး စိတ်ထကြွလာတာကြောင့် လမ်းပေါ်က အမျိုးသမီးကို သေနတ်နဲ့ ချိန်ပြီး အဓမ္မကျင့်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ဆီးစစ်ဆေးမှုမှာလည်း သူဟာ မူးယစ်ဆေးသုံးစွဲထားကြောင်း ဆီးအရောင် ခရမ်းရောင် ပေါ်လွင်ခဲ့ပါတယ်။ရဲတပ်ဖွဲ့က ဘန်မတ်ဟာ သေနတ်လည်း ကိုင်ဆောင်ပြီး အန္တရာယ်ရှိသူဖြစ်လို့ လျင်မြန်စွာ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး သူ့ကို အဓမ္မပြုကျင့်မှု၊ လက်နက်ကိုင်ဆောင်မှု၊ တရားမဝင် ချုပ်နှောင်မှုနဲ့ မူးယစ်ဆေးသုံးစွဲမှု စတဲ့ စွဲချက်တွေနဲ့ အမှုဖွင့်ထားကြောင်း matichon သတင်းအရ သိရပါတယ်။