သ-တ်သေခြင်းဟုတ်၊ မဟုတ် စုံစမ်းနေ
ချွန်ပွန်ပြည်နယ်၊ တက်ဒက်နဲ့ ထောင်ခ ရပ်ကွက်ကြား မီးရထားလမ်းပေါ်မှာ ည ၈ နာရီခွဲလောက်က ကုန်တင်ရထား တိုက်မိတာကြောင့် မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ အမည်မသိ အမျိုးသားတစ်ဦးဟာ ခန္ဓာကိုယ် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ချွန်ပွန်မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက် စစ်ဆေးခဲ့ရပါတယ်။ သေဆုံးသူရဲ့ အလောင်းဟာ လမ်းဖြတ်လမ်းကနေ ၁ ကီလိုမီတာလောက် အကွာမှာရှိပြီး အင်္ကျီအစင်းအပြောက်နဲ့ ဘောင်းဘီတို ဝတ်ထားတယ်လို့ သိရပါတယ်။ဒါ့အပြင် သေဆုံးသူရဲ့ အလောင်းနားမှာ အဝတ်အစားတွေ၊ အနက်ရောင် ဖိနပ်တစ်ရံနဲ့ မြန်မာစာတံဆိပ်ပါတဲ့ မုန့်တစ်ဘူး ပါဝင်တဲ့ ပလတ်စတစ်အိတ်နှစ်လုံးကို တွေ့ရှိခဲ့ပါတယ်။
ဒေသခံ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သေဆုံးသူဟာ အခင်းမဖြစ်ခင် မီးရထားလမ်းပေါ် လမ်းလျှောက်နေတာကို တွေ့ခဲ့ရပြီး ထိုင်းစကားကို မပီမသနဲ့ မြန်မာလေသံမျိုးနဲ့ ပြောဆိုတတ်ကြောင်း သိရှိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ကနဦး ခန့်မှန်းချက်အရ သေဆုံးသူဟာ မြန်မာနိုင်ငံသား ဖြစ်နိုင်တယ်လို့ ယူဆထားပြီး အနီးနားမှာ ဘယ်သူမှ မမြင်ဖူးတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်နေသူ ဒါမှမဟုတ် အိမ်ခြေရာမဲ့တစ်ဦး ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် သေဆုံးသူဟာ မိမိကိုယ်ကို သတ်သေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ရထားလမ်းပေါ်မှာ အိပ်နေခဲ့တာလား ဆိုတဲ့ ရှုထောင့်ကနေလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ရဲတပ်ဖွဲ့ဟာ လက်ရှိမှာတော့ အဖြစ်မှန်ကို အတိအကျသိရဖို့အတွက် သက်သေအထောက်အထားတွေ စုဆောင်းတာ၊ သေဆုံးသူဟာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသား အလုပ်သမား ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးတာတွေကို လုပ်ဆောင်နေကြောင်း siamrath သတင်းအရပါတယ်။