ချင်းမိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံး မှ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ရဲမှူး စုထီရာထက် ဖိုနရုမစ် ဦးဆောင်တဲ့ အဖွဲ့က ချင်းမိုင်၊ မဲ့ရင် ခရိုင်ထဲက လုပ်ငန်းခွင်တစ်ခုကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားတယ်လို့ သတင်းရလို့ ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းခံရသူတွေရဲ့ ဝန်ခံချက်အရ သူတို့ဟာ အရင်က အလုပ်လုပ်ခွင့် လိုင်စင်ရှိခဲ့ဖူးပေမယ့် အလုပ်ဟောင်းကနေ ထွက်ပြီးနောက် အလုပ်ရှင်အသစ်နဲ့ အလုပ်ပြောင်းလုပ်တာကို ဥပဒေအတိုင်း အကြောင်းမကြားခဲ့ဘူးလို့ သိရပါတယ်။ သူတို့ဟာ အခုဖမ်းဆီးခံရတဲ့ ဟိုတယ်မှာ တစ်လလောက် သန့်ရှင်းရေး အိမ်အကူအဖြစ် တစ်လ ၉,၀၀၀ ဘတ် နဲ့ လုပ်ကိုင်နေခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ အလုပ်လုပ်ခြင်း၊ နေထိုင်ခွင့် ခွင့်ပြုချက် သက်တမ်းကုန်နေခြင်း နဲ့ အလုပ်ရှင်ပြောင်းတဲ့အခါ သို့မဟုတ် အလုပ်နေရာပြောင်းတဲ့အခါ လူဝင်မှုကြီးကြပ်ရေးကို သတ်မှတ်ချိန်အတွင်း အကြောင်းမကြားခြင်း စတဲ့ စွဲချက်တွေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။လက်ရှိမှာ ဥပဒေအရ ဆက်လက်အရေးယူဖို့အတွက် မဲ့ရင်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။