ထိုင်းအလုပ်သမားဦးစီးဌာန အရာရှိတွေက အောက်တိုဘာလ ၂၉ ရက်နေ့မှာ အခြားတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဘန်ကောက်၊ လတ်ကရာဘန်းမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာမှ အလုပ်လုပ်ခွင့် လိုင်စင်မရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးမှုတွေအရ ဆောက်လုပ်ရေးလုပ်ခွင်မှာ အလုပ်လုပ်ခွင့်လိုင်စင်မရှိတဲ့ မြန်မာ အလုပ်သမား ၆ ဦးကို အလုပ်လုပ်ဖို့ ငှါးရမ်းထားတာကို တွေ့ရှိခဲ့တာဖြစ်ပြီး အလုပ်ရှင် ၁ ဦး ကိုလည်း အလုပ်လုပ်ခွင့် လိုင်စင်မရှိတဲ့ နိုင်ငံခြားသားလုပ်သားတွေကို ခန့်ထားမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ချလောင်းကရွန်ရဲစခန်းမှ စုံစမ်းစစ်ဆေးသူများထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖိချက်ထောင်းဖန်က အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။ ညွှန်ကြားရေးမှူးချုပ်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတိုင်း အလုပ်လုပ်ခွင့် လိုင်စင် ရှိရမှာဖြစ်ပြီး ဥပဒေချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမယ်လို့လည်း သတိပေးလိုက်ပါတယ်။
နိုင်ငံခြားသား အလုပ်သမားများအနေနဲ့ အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ အလုပ်လုပ်ပါက ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရမှာ ဖြစ်ပြီး မူရင်းနိုင်ငံသို့ ပြန်ပို့ခံရမှာ ဖြစ်ကြောင်းနဲ့ ၂ နှစ်အတွင်း အလုပ်လုပ်ခွင့် လိုင်စင်အသစ် လျှောက်ထားခွင့်လည်း ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အလုပ်ရှင်များအနေနဲ့လည်း လိုင်စင်မဲ့ နိုင်ငံခြားသားကို ခန့်ထားပါက အလုပ်သမား ၁ ဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်ခံရမှာဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၃ နှစ်တာကာလအတွင်း နိုင်ငံခြားသား အလုပ်သမား ငှားရမ်းခွင့် ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။
သတင်း – matichon
 
									 
					