ဖက်ချဘွန်းခရိုင်၊ ခေါင်ခိုမြို့နယ်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာနဲ့ တရုတ် နိုင်ငံသား ၂၀ ဦးကို ဒေသခံတွေရဲ့ သတင်းပေးမှုကြောင့် အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သူတို့အားလုံးကို အလုပ်ရမယ်ဆိုပြီး လာခေါ်တဲ့သူတွေက တောထဲမှာ ထားခဲ့ပြီး စွန့်ပစ်သွားတာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁ နာရီခန့်မှာ ခေါင်ခိုရဲစခန်းကို ဒေသခံတွေက သတင်းပေးပို့ခဲ့တဲ့အတိုင်း ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ရင်ဆီမောင်းရပ်ကွက်၊ အမှတ် ၂ ရွာနောက်ဘက် တောအုပ်ထဲကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒီနေရာမှာ ထိုင်လျက်၊ အိပ်လျက် ပုန်းအောင်းနေတဲ့ နိုင်ငံခြားသားတွေကို တွေ့ရှိခဲ့ပြီး စစ်ဆေးကြည့်တဲ့အခါ မြန်မာနိုင်ငံသား ၁၅ ဦး နဲ့ တရုတ်နိုင်ငံသား ၅ ဦး စုစုပေါင်း ၂၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ကနဦး စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မြန်မာနိုင်ငံကနေ သဘာဝလမ်းကြောင်းအတိုင်း ခိုးဝင်လာကြသူတွေဖြစ်ပြီး စက်ရုံတစ်ရုံမှာ အလုပ်ရမယ်ဆိုကာ ကားတစ်စီးနဲ့ ခေါ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်း ခေါင်ခိုကို ရောက်တဲ့အခါ ကားသမားက နောက်ထပ်ကားတစ်စီး လာကြိုပြီး အလုပ်သွားပို့မယ်လို့ ပြောဆိုကာ သူတို့ကို ကားပေါ်ကနေ ဆင်းခိုင်းပြီး တောထဲမှာ ပုန်းအောင်းခိုင်းခဲ့ပါတယ်။
ဒါပေမဲ့ ချိန်းထားတဲ့အတိုင်း ဘယ်သူတစ်ဦးတစ်ယောက်မှ လာရောက်ကြိုတာမျိုး မရှိဘဲ စွန့်ပစ်ခံထားရတာကြောင့် ဒေသခံတွေက တွေ့ရှိပြီး ရဲကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးရမိသူတွေကို ဥပဒေနဲ့မညီဘဲ ခိုးဝင်မှုနဲ့ လုမ်းဆက်ခရိုင် တရားရုံးမှာ တရားစွဲဆိုသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းကာ နေရပ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမယ်လို့ khaosod သတင်းအရ သိရပါတယ်။
 
									 
					