ထိုင်းနိုင်ငံ၊ စမူစခွန်ခရိုင်ရှိ သံရုံတစ်ခုမှာ အလုပ်လုပ်စဥ် စက်ညှပ်ခံရပြီး ဦးခေါင်းအရေပြားတစ်ခြမ်း ဆုံးရှုံးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် မြန်မာလုပ်သား အမျိုးသမီးတစ်ဦးဟာ တစ်နှစ်နီးပါးကြာပြီးတဲ့နောက် နစ်နာကြေး စုစုပေါင်း ဘတ် ၇၄၅,၀၀၀ ကို ပြန်လည် ရရှိခဲ့ကြောင်း MHAC မဟာမိတ် အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ စမူစခွန်ခရိုင် မဟာချိုင်မှာရှိတဲ့ သံရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ စက်ညှပ်ခံရပြီး ဦးခေါင်းအရေပြားတစ်ခြမ်းနဲ့ ခန္ဓာကိုယ် ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူဟာ နစ်နာကြေးရဖို့အတွက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ MHAC မဟာမိတ်အဖွဲ့ကို အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
အကူအညီတောင်းခံလာမှုအပေါ် MHAC မဟာမိတ်အဖွဲ့ဝင်တွေက သွားရောက်တွေ့ဆုံခဲ့ပြီး အမှုရင်ဆိုင်နေစဥ် နေထိုင်ရေးအခက်အခဲရှိနေတာကြောင့် ရုံးမှာ တစ်နှစ်ခန့်ကြာ နေထိုင်ခွင့်နဲ့ စောင့်ရှောက်မှုတွေ ပေးထားခဲ့တယ်လို့ ဆ်ိုပါတယ်။၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ MHAC အဖွဲ့ရဲ့ ကူညီဆောင်ရွက်မှုနဲ့အတူ ဒဏ်ရာရရှိသူ အမျိုးသမီးအတွက် ပကန်စခွန် (အလုပ်သမားနစ်နာကြေး) အပါအဝင် စုစုပေါင်း ဘတ် ၇၄၅,၀၀၀ ကို အောင်မြင်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
									 
					