ထိုင်းအရှေ့မြောက်ပိုင်း၊ နွန်ဘူအာလမ်ဖူး ခရိုင်မှာ ပထမဆုံးအကြိမ်အဖြစ် အီး-စီးကရက် (Vape) ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိသိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အီး-စီးကရက် အသုံးပြုသူတွေကြားမှာ ထိတ်လန့်စရာဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့က ထိုင်းအရှေ့မြောက်ပိုင်း၊ နွန်ဘူအာလမ်ဖူး ခရိုင်မှာ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ငါးမျှားရင်းနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ အစပိုင်းမှာ ရဲတပ်ဖွဲ့က ပြစ်မှုတစ်ခုလို့ သံသယရှိခဲ့ပေမယ့် ဆေးစစ်ချက်ရလဒ်အရ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းက သူ့ရဲ့ အီး-စီးကရက် ဘက်ထရီ ပေါက်ကွဲသွားလို့ ဖြစ်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ မှုခင်းစစ်ဆေးချက်အရ သေဆုံးသူရဲ့ ပါးစပ်၊ မျက်နှာ၊ ရင်ဘတ်နဲ့ ဘယ်ဘက်လက်တို့မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ရပြီး အထူးသဖြင့် ပေါက်ကွဲမှုက ထွက်လာတဲ့ သတ္တုအပိုင်းအစ သုံးခုဟာ ရင်ဘတ်ကို ဖောက်ဝင်သွားခဲ့ပြီး အဆုတ်နဲ့ နှလုံးကိုပါ ပျက်စီးစေခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲမှုဟာ ပြင်းထန်လွန်းတာကြောင့် အမျိုးသားဟာ နေရာမှာတင် ချက်ချင်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆရာဝန်တွေက ကောက်ချက်ချပါတယ်။ ကျည်ဆန်ဒဏ်ရာ မဟုတ်ဘဲ အီး-စီးကရက်က ထွက်လာတဲ့ သတ္တုအပိုင်းအစတွေကြောင့် နှလုံးနဲ့ အဆုတ် လုံးဝပျက်စီးသွားခဲ့တာဖြစ်တယ်လို့ မှုခင်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံမှာ ပေါက်ကွဲတဲ့ အီး-စီးကရက် (vape )ကြောင့် သေဆုံးရတဲ့ ပထမဆုံး အတည်ပြုနိုင်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ ပေါက်ကွဲခဲ့တဲ့ ဗေ့မှာ အရည်အသွေးမပြည့်မီတဲ့ ဒါမှမဟုတ် ပြင်ဆင်ထားတဲ့ ဘက်ထရီကို အသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် နွန်ဘူအာလမ်ဖူးမြို့ ရဲတပ်ဖွဲ့ကနေ ပြည်သူတွေကို အထူးသတိထားကြဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
သတင်း – Thaiger