စမွတ်စာခွန်မြို့မှာ တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေ ခိုးသွင်းတဲ့ ဂိုဏ်းခေါင်းဆောင် ၂ ဦး ကို လူဝင်မှုကြီးကြပ်ရေး ရဲတွေက ဖမ်းဆီးမိခဲ့ပြီး သူတို့ရဲ့ ဘဏ်အကောင့်ထဲမှာ ဘတ်ငွေ သန်း ၁၀၀ ကျော်လောက် လည်ပတ်နေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။ဖမ်းဆီးခံရသူတွေက မြန်မာနိုင်ငံသားတစ်ဦးနဲ့ ထိုင်းနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။
စုံစမ်းထောက်လှမ်းရာမှာ သူတို့နှစ်ယောက်ဟာ မြောက်ပိုင်းနယ်စပ်ကနေ တရားမဝင် ခိုးဝင်လာတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို စမွတ်စာခွန်ကို ခေါ်လာဖို့ အဓိက စီစဉ်ခိုင်းသူတွေဖြစ်ကြောင်း တွေ့ရပါတယ်။ အထူးသဖြင့် ကရင်တိုင်းရင်းသား အုပ်စုကို စုစည်းကာ ဆိုရှယ်မီဒီယာကို အဓိကထားပြီး လူခေါ်ဖောက်သည် ရှာဖွေခဲ့ကြတာပါ။
နောက်ဆုံးမှာတော့ သက်သေတွေ စုဆောင်းပြီး အသက် ၂၆ နှစ်အရွယ် ထိုင်းနိုင်ငံသားနဲ့ အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။ သူတို့နှစ်ဦးကို ဥပဒေချိုးဖောက်ပြီး နိုင်ငံထဲကို ဝင်ရောက်လာတယ်ဆိုတာ သိလျက်နဲ့ ခိုလှုံခွင့်ပေးတာ၊ ဖုံးကွယ်ထားတာ ဒါမှမဟုတ် ဖမ်းဆီးမခံရအောင် ကူညီပေးတယ် ဆိုတဲ့ စွဲချက်နဲ့ အရေးယူဖို့ ကရာသွန်ဘင်း ရဲစခန်း ကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်တယ်လို့ စမူစခွန်သတင်းဌာနက ဖော်ပြပါတယ်။