ဒီနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အကြီးအကဲများ အစည်းအဝေးမှာ အလုပ်ရှာဖွေရေးဦးစီးဌာန (DOE) က အရေးကြီးတဲ့ မူဝါဒ (၄) ခုကို တင်ပြဆွေးနွေးခဲ့ပါတယ်။ တင်ပြခဲ့တဲ့ အဓိက အစီအစဉ် (၄) ရပ် ကတော့ ရွှေ့ပြောင်းလုပ်သားကဏ္ဍရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပြီး ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။
နိုင်ငံခြားသားအလုပ်သမား ရှားပါးမှု ဖြေရှင်းရေး
ထိုင်းနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ နိုင်ငံခြားသား အလုပ်သမားတွေကို စီမံခန့်ခွဲမှု ပိုမိုမြန်ဆန်စေဖို့နဲ့ ဥပဒေနဲ့အညီ အလုပ်လုပ်နိုင်ဖို့အတွက် ဖြေရှင်းဖို့နည်းလမ်းတွေကို စဉ်းစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
e-Work permit စနစ်နဲ့ စနစ်တကျ စီမံခန့်ခွဲရေး
နိုင်ငံခြားသား အလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို အီလက်ထရောနစ်စနစ် (e-Work permit) နဲ့ ပိုမိုမြန်ဆန်၊ လွယ်ကူပြီး စနစ်တကျ ဖြစ်စေဖို့ အလေးထား တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီစနစ်ကြောင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအတွက် လုပ်ထုံးလုပ်နည်းတွေ ပိုမိုရှင်းလင်းလာမယ်လို့ မျှော်လင့်ရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံသားများအတွက် နိုင်ငံတကာ အလုပ်ဈေးကွက်မှာအခွင့်အလမ်းများ ဖန်တီးပေးရေးနဲ့ ၂၀၂၆ ခုနှစ်တွင် Job Expo Thailand ပြပွဲကို ခမ်းခမ်းနားနား ကျင်းပဖို့ အစီအစဉ်တွေလည်း တင်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးကို အလုပ်သမားဝန်ကြီး မစ္စ တရီနုချ်ထျန်ထောင် က သဘာပတိအဖြစ် ဦးဆောင်ခဲ့ပြီး DOE ရဲ့ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖိချေထ်ထောင်းဖန် နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ မုန်ခွန် စုန်ခရမ် တို့က တက်ရောက်ခဲ့ကြပါတယ်။ အမြဲတမ်းအတွင်းဝန် ရဲမှူးကြီး ဒေါက်တာဝမ်နဖုန်ခချရက် အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။