ယာဉ်မောင်းက ကိုယ်လွတ်ရုန်း ထွက်ပြေး
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ မြန်မာလုပ်သား ၁၅ ဦးကို တင်ဆောင်လာတဲ့ တိုယိုတာအနက်ရောင် ကားတစ်စီးဟာ အဝေးပြေးရဲတပ်ဖွဲ့ရဲ့ စစ်ဆေးခြင်းကနေ ရှောင်တိမ်းထွက်ပြေးခဲ့ရာမှ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်မောင်းကတော့ တောထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက စောင့်ကြည့်စစ်ဆေးနေစဉ် သောင်ဖာဖွန်ဘက်မှ နောက်ဘက်နံပါတ်ပြားမပါဘဲ ဝန်ပိုတင်ဆောင်ထားပုံရတဲ့ ကားတစ်စီးကို မောင်းနှင်လာတာကို တွေ့ရှိခဲ့တာကြောင့် ရပ်တန့်ဖို့ အချက်ပြခဲ့ပေမယ့် ယာဉ်မောင်းက အရှိန်မြှင့်ပြီး ထွက်ပြေးခဲ့တာပါ။ ကန်ချနာဘူရီမြို့နယ်၊ နောင်ဘူအာ ရပ်ကွက်ရောက်တဲ့အခါ ကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းချိုးတစ်နေရာမှာ ချော်ထွက်ပြီး ဓာတ်အားမြင့် ဓာတ်တိုင်ကို ဝင်တိုက်မိခဲ့တာကြောင့် ဓာတ်တိုင် ကျိုးကျခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ပြီးနောက် ယာဉ်မောင်းဟာ အချိန်မဆွဲဘဲ မှောင်ရိပ်ခိုကာ တောထဲကို ခုန်ဆင်းထွက်ပြေးသွားခဲ့တာဖြစ်ပြီး လိုက်လံဖမ်းဆီးခဲ့ပေမယ့် လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကားပေါ်မှာ ပါလာတဲ့ လုပ်သားများကလည်း ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမယ့် ရဲတပ်ဖွဲ့က အမျိုးသား ၇ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ လာအိုအမျိုးသမီးတစ်ဦး ပါဝင်ပါတယ်။
ဖမ်းဆီးရမိသူတွေဟာ မြန်မာနိုင်ငံ၊ ရန်ကုန်နဲ့ မန္တလေးမြို့များမှဖြစ်ပြီး ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြတာ ဖြစ်ပြီး ထိုင်းပွဲစားကို နိုင်ငံအတွင်းပိုင်းသို့ ပို့ဆောင်ပေးရန်အတွက် တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ လုပ်သား ၁၅ ဦးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းဝင်ရောက်မှု နဲ့ ကန်ချနာဘူရီမြို့နယ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး လုပ်သားတွေကို သယ်ယူပို့ဆောင်ခဲ့တဲ့ ကားပိုင်ရှင်ကိုလည်း စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ MGR သတင်းမှာဖော်ပြထားပါတယ်။