ထိုင်းနိုင်ငံရဲ့ ညဘက်ဖျော်ဖြေရေးနဲ့ အရက်ရောင်းချမှု စည်းကမ်းတွေ မကြာခင်မှာ ပြောင်းလဲဖွယ်ရှိနေပါတယ်။ ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ အနုတင် ချာန်ဝီရာကူန် ကခရီးသွားလုပ်ငန်းကို မြှင့်တို့ဖို့ရည်ရွယ်ကာ ယမကာရောင်းချခွင့် ထိန်းချုပ်ထားတာာတွေကို ဖြေလျှော့ဖို့နဲ့ ညကလပ်တွေကို နံနက် ၄ နာရီအထိ ဖွင့်ခွင့်ပေးဖို့ စီစဉ်နေကြောင်း အစိုးရသတင်းရင်းမြစ်တစ်ဦးက ပြောတယ်လို့ khaosod သတင်းမှာ ဖော်ပြပါတယ်။
ဒီအစီအစဉ် အောင်မြင်ရင် နိုင်ငံတော် အခွန်ငွေ ဘီလီယံပေါင်းများစွာ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဘာတွေပြောင်းလဲမလဲ
၁။ ကလပ်ပိတ်ချိန် မနက် ၄ နာရီအထိ တိုးမည်။
လက်ရှိ မနက် ၂ နာရီမှာ ပိတ်ရတဲ့ ကလပ်တွေ၊ ဘားတွေဟာ မနက် ၄ နာရီအထိ ဆက်လက်ဖွင့်လှစ်ခွင့် ရရှိတော့မှာပါ။
၂။ ဇုန်သတ်မှတ်ချက်များ ဖျက်သိမ်းမည်။
ယမကာဆိုင်တွေကို သတ်မှတ်ထားတဲ့ ဧရိယာ ထဲမှာပဲ ရောင်းချခွင့်ပြုတဲ့ စည်းကမ်းကို ဖျက်သိမ်းပြီး တစ်နိုင်ငံလုံးမှာ လွတ်လပ်စွာ ရောင်းချနိုင်အောင် လမ်းဖွင့်ပေးမှာပါ။
၃။ ရောင်းရ အချိန် ဖြေလျှော့မည်။
နေ့လယ် ၂ နာရီမှ ၅ နာရီအထိ အရက်ရောင်းချခြင်းကို တားမြစ်ထားတဲ့ အချိန်ကာလကိုလည်း ပြန်လည် စဉ်းစား သတ်မှတ်ပေးဖို့ ရှိပါတယ်။
၄။ လိုင်စင်ရယူမှု ပိုမိုလွယ်ကူလာမည်။
နိုက်ကလပ်တွေအတွက် လုပ်ငန်းလိုင်စင် ခက်ခက်ခဲခဲ လျှောက်စရာမလိုဘဲ မှတ်ပုံတင်ရုံနဲ့ လုပ်ငန်း စတင်နိုင်မယ့် စနစ်ကို ပြောင်းလဲပေးဖို့ စီစဉ်နေပါတယ်။
ဒီအစီအစဉ်တွေကို လွှတ်တော်မဖျက်သိမ်းမီ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မှာ ချက်ချင်း အကောင်အထည်ဖော်နိုင်ဖို့ ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။ လက်ရှိမှာတော့ ပြည်ထဲရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာနတွေဟာ ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို အမြန်ဆုံး ဆွေးနွေးပြင်ဆင်နေကြတယ်လို့ khaosod သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ဘန်ကောက်၊ ဖူးခက်၊ ချွန်ဘူရီ၊ ချင်းမိုင်နဲ့ ကော့စမွီ အပါအဝင် သတ်မှတ်ထားတဲ့ နေရာအချို့မှာပဲ နိုက်ကလပ်တွေကို ၄ နာရီအထိ ဖွင့်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲ အောင်မြင်သွားရင်တော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိုမိုကျယ်ပြန့်လာတော့မှာပါ။