မြန်မာလူငယ် ၄ ဦး အချင်းချင်း ရန်ဖြစ်ပွားပြီးနောက် တစ် ဦး ဒဏ်ရာရကာ ထိုင်းလူမျိုးတစ်ဦးရဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်ပါ ပျက်စီးသွားတဲ့ ဖြစ်စဉ်တစ်ခု နွထဘူရီခရိုင်၊ ပက်ကရက်မြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ယမန်နေ့ည အောက်တိုဘ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
ရဲတွေ စစ်ဆေးတဲ့အခါ ရန်ဖြစ်သူ ၄ ဦးစလုံးဟာ အတူတူ အရက်သောက်ရင်း စကားများကြရာကနေ ခိုက်ရန်ဖြစ်ပွားကြတာလို့ သိရပါတယ်။ သူတို့ကတော့ ကိုဂျင်၊ ကိုစီစီ၊ ကိုဂျင်ရဲ့ဖခင် ကိုစိုး နဲ့ ဒဏ်ရာရရှိသူ ကိုပီတို့ ဖြစ်ကြပြီး ဖြစ်ပွားပုံအရ ကိုဂျင် နဲ့ ကိုစိုး တို့နှစ်ဦးက ကိုပီကို ဝိုင်းဝန်းရိုက်နှက်ပြီး ခြေထောက်နဲ့ နင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုပီမှာ နဖူးဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့က ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်အတွင်း ပတ်ကရက်မြို့နယ်၊ ဂျန်းဝပ်ထနားလမ်းမပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်ရှေ့မှာ ခေါက်ဆွဲဆိုင်တစ်ခု လုံးဝနီးပါး ပျက်စီးနေတာကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့ရပါတယ်။ ဆိုင်ကယ်တစ်စီးလည်း ဆိုင်အပျက်အစီးတွေအောက်မှာ ပိနေပြီး နောက်ထပ် ဆိုင်ကယ်တစ်စီးကလည်း လဲကျနေကာ ဆိုင်ကပစ္စည်းတွေ ပျံ့ကျဲသွားခဲ့တာပါ။
ရန်ဖြစ်တဲ့အနီးနားက စတိုးဆိုင်က ဝန်ထမ်း ဖုန်းဆက်လို့ ခေါက်ဆွဲဆိုင်ပိုင်ရှင်က လာကြည့်တဲ့အခါမှာ မြန်မာလူငယ် ၄ ယောက် ရန်ဖြစ်လို့ သူ့ဆိုင်တစ်ခုလုံး ပျက်စီးသွားတာကြောင့် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ဖွင့်ထားတာ ၃ လခန့်သာရှိသေးပြီး ဒီလူတွေက သူ့ဆိုင်မှာ ပုံမှန် လာဝယ်စားနေကျ ဖောက်သည်တွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ လက်ရှိမှာတော့ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ch7 သတင်းအရ သိရပါတယ်။