ထိုင်းနိုင်ငံ၊ ဖူးခတ်ကျွန်းအနောက်ဘက်ကမ်းရိုးတန်းရှိ ပါတောင်းမြို့ရဲ့ တောင်ဘက်ခြမ်း ဟိုတယ်တစ်ခု နောက်မှာ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီ ဝန်းကျင်က ခိုးမှုနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းမိသူဟာ အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ သောကြာနေ့ အောက်တိုဘာ ၁၀ ရက်နေ့ က ပျောက်ဆုံးသွားကြောင်း သတင်းပို့ထားတဲ့ အနက်ရောင်နဲ့ အနီရောင် Honda Click i မော်တော်ဆိုင်ကယ်တစ်စီးနဲ့အတူ အဖမ်းခံရတာပါ။ ရဲတွေကတော့ ဆိုင်ကယ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပါတယ်။
ဒီဖမ်းဆီးရေးမှာ ပါတောင်းရဲစခန်းမှ စုံစမ်းစစ်ဆေးရေး အရာရှိတွေ ဦးဆောင်ပြီး အထက်အရာရှိတွေရဲ့ ကြီးကြပ်မှုအောက်မှာပဲ စနစ်တကျ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် ခိုးမှုကျူးလွန်သူ ချက်ချင်းနီးပါး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာပါ။
ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားကို လက်ရှိမှာ ပါတောင်းရဲစခန်းကို ခေါ်ဆောင်သွားပြီး ခိုးမှု သို့မဟုတ် ခိုးရာပါပစ္စည်းလက်ခံမှု အပြင် တရားမဝင် နိုင်ငံတွင်း ဝင်ရောက်နေထိုင်မှု ဆိုတဲ့ ပြစ်မှုတွေနဲ့ပါ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ဥပဒေနဲ့အညီ နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုတွေ စတင်နေပြီလို့ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားထားကြောင်း Phuket news မှာ ဖော်ပြထားပါတယ်။