ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ MOU/CI ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၂၁ ဦးဟာ သူတို့ရဲ့သူဌေးဖြစ်သူ ဆီကနေ တစ်နှစ်စာ လုပ်အားခတွေ မရတာကြောင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ မဟာမိတ်အဖွဲ့ (WAG) ရဲ့ အကူအညီနဲ့ ညှိနှိုင်းနိုင်ခဲ့ရတယ်လို့ သိရပါတယ်။ကျန်ရှိနေတဲ့ လုပ်အားခစုစုပေါင်းက ဘတ် ၁၄၀,၀၀၀၀ ခန့် ရှိတာပါ။
ဒီငွေကြေးတွေ ပြန်ရဖို့အတွက် အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေဟာ WAG အဖွဲ့ကို အကူအညီတောင်းခံခဲ့တာကြောင့် WAG အဖွဲ့သားတွေဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ မှာ အလုပ်သမားတွေနဲ့အတူ မြို့နယ်အလုပ်သမားရုံး (စဝါဒီကန်ရုံး) ကို သွားရောက်ပြီး တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရုံးက တာဝန်ရှိသူတွေဟာ သူဌေးကို ဖုန်းဆက်ခေါ်ယူကာ အလုပ်သမားတွေရှေ့မှာပဲ ညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။
ညှိနှိုင်းမှုရဲ့ရလဒ်အနေနဲ့ သူဌေးဖြစ်သူက ကျန်ရှိတဲ့ လုပ်အားခ ဘတ်တစ်သန်းလေးသိန်းကို ၅ လအတွင်း အကြေ ပေးချေသွားမယ်လို့ ကတိပြုခဲ့ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ မှာတော့ အလုပ်သမား ၂၁ ဦးဟာ သူတို့ရဲ့ လုပ်အားခတစ်ဖြတ်စာကို သူဌေးဆီကနေ စတင်လက်ခံရရှိခဲ့ပြီ ဖြစ်တယ်လို့ wag အဖွဲ့က ထုတ်ပြန်ပါတယ်။