ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၁ ရက်နေ့မှာ မြန်မာလူငယ်တွေ ပါဝင်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ကွန်ရက်တစ်ခုကို ဖြိုခွင်းခဲ့ပြီး မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အဖွဲ့ခေါင်းဆောင်ဖြစ်သူ တော့်ခန့်ထေ့ပ် (ခေါ်) မိုးသက်ဦးဆိုသူလည်း ပါဝင်ပြီး သူတို့ ၄ ဦးလုံးဆီကနေ သက်သေခံပစ္စည်းအဖြစ် စိတ်ကြွဆေးပြား ၂,၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တာပါ။
အဖွဲ့ခေါင်းဆောင်ဖြစ်သူက ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ မြန်မာအလုပ်သမားမျိုးနွယ်စုဝင်ဖြစ်ပြီး ထိုင်းစကား၊ မြန်မာစကား နှစ်မျိုးလုံးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။ သူက နိုင်ငံခြားသား အလုပ်သမားတွေကြားမှာ မူးယစ်ဆေးဝါး ရောင်းချနေခဲ့တာ ကြာပြီဖြစ်ပြီး သူက ထိုင်းမှာ မွေးဖွားကြီးပြင်းတဲ့ မြန်မာလူငယ်တွေနဲ့ အရွယ်မရောက်သေးသူတွေကို အသုံးပြုပြီး မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးခိုင်းခဲ့တာ ဖြစ်ပါတယ်။ သူတို့က မူးယစ်ဆေးဝါးတွေကို အကြွေးစနစ် နဲ့ဖြန့်ဖြူးရောင်းချခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
အဖွဲ့ခေါင်းဆောင်အပါအဝင် အသက် ၂၅ နှစ်အရွယ် မြန်မာလူငယ် ၁ ဦးနဲ့ အသက် ၂၃ နှစ်အရွယ် မြန်မာလူငယ် ၂ ဦး စုစုပေါင်း ၄ ဦးကို မူးယစ်ဆေးဝါး ရောင်းချရန် ရည်ရွယ်ချက်ဖြင့် လက်ဝယ်ထားရှိမှုနဲ့ ခွင့်ပြုချက်မရှိပဲ သက်တမ်းကုန်ဆုံးပြီး နိုင်ငံတွင်း နေထိုင်မှု စတဲ့ စွဲချက်တွေနဲ့ စမွတ်ဆာခွန်မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့တယ်လို့ khaosod သတင်းအရ သိရပါတယ်။