ခရီးသွားလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ရေလှောင်ကန်ကိုရှင်းဖို့ ငှားရမ်းထားတဲ့ မြန်မာအမျိုးသား လုပ်သား ၂ ဦးဟာ ရေမှော်ပင်တွေနဲ့ ကျောက်ဆူးရေမှော်ပင်တွေ ထူထပ်နေတဲ့ ရေနက်ပိုင်းကို မတော်တဆ ပြုတ်ကျသွားခဲ့ပြီး ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ၊ နခွန်ရာ့ချ်စီမာခရိုင်၊ ဝမ်နမ်ခီယိုဒေသက ဆန်ကမ်ဖိုင် ရေလှောင်ကန်မှာ အောက်တိုဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။
စုံစမ်းချက်အရ အလုပ်သမားတွေဟာ ဆန်ကမ်ဖိုင်ရွာရှိ ရေလှောင်ကန်မှ ရေမှော်ပင်တွေနဲ့ ကျောက်ဆူးပင်တွေကို ဆယ်ယူနေခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဒေသကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အပန်းဖြေစခန်းအတွက် လမ်းဖောက်လုပ်ရန် စီစဉ်နေတာကြောင့် အလုပ်ရှင်က ရေစီးဆင်းမှု ပိုမိုကောင်းမွန်စေဖို့ ရေမှော်တွေကို ဆယ်ယူခိုင်းတာ ဖြစ်တယ်လို့ သိရပါတယ်။
ရေမှော်တွေဆင်းဆယ်နေတဲ့ မြန်မာလုပ်သားနှစ်ဦးဟာ ရေမျက်နှာပြင်ပေါ် ပြန်တက်ဖို့ ရုန်းကန်ခဲ့ကြပေမဲ့ ထူထပ်ပြီး စုနေတဲ့ ရေမှော်ပင်တွေက ပိုက်ကွန်လိုမျိုး ပိတ်မိပြီး သူတို့ကို တဖြည်းဖြည်း ရေအောက်ကို ဆွဲချသွားခဲ့တာပါ။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာအလုပ်သမား ၂၀ ကျော် ရှေ့မှာပဲ နစ်မြုပ်ပျောက်ကွယ်သွားခဲ့တာ ဖြစ်တယ်လို့ ရဲမှတ်တမ်းက ဖော်ပြပါတယ်။
အလုပ်သမားတွေ အကူအညီတောင်းခံပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပေမဲ့ ရေမှော်ပင်တွေ အလွန်ထူထပ်နေတာကြောင့် ရှာဖွေရေးလုပ်ရာမှာ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ ညနေပိုင်းမှာတော့ ရေမှော်တွေကို ဘက်ဟိုးကားနဲ့ တူးဖော်ပြီး ရေငုပ်သမားတွေ အကူအညီနဲ့ ရှာဖွေခဲ့ရာမှာ အလုပ်သမားနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရေအောက်ကနေ ပြန်ဆယ်ယူနိုင်ခဲ့ပါတယ်။ ရုပ်အလောင်းတွေ တွေ့ရှိချိန်မှာ သူတို့ရဲ့ ဇနီးသည်တွေနဲ့ သူငယ်ချင်းတွေဟာ ဝမ်းနည်းကြေကွဲစွာ ငိုယို ခဲ့ကြတယ်လို့ khaosod က ဖော်ပြပါတယ်။