ဖစ်စနူလွတ် (Phitsanulok) မြို့မှာ စီးပွားရေးအခြေအနေ ဆိုးနေတဲ့အချိန်နဲ့ ကိုက်ညီတဲ့ ထမင်းဟင်းဆိုင်တစ်ဆိုင် အောင်မြင်နေပါတယ်။ အဲဒီဆိုင်ကတော့ Khon Jai Dee လို့ ခေါ် ပြီး ထမင်းဟင်းဘူဖေးကို ဘတ် ၄၀ နဲ့ ရောင်းပေးနေတာပါ။ အဲဒီဈေးနှုန်းကြောင့်ပဲ ဖောက်သည်တွေ အများကြီး လာရောက်အားပေးနေကြပါတယ်။
ဒီဆိုင်ဟာဖစ်စနူလွတ်(Phitsanulok) မြို့ထဲက မြို့နယ် ၁ ညဈေး (Night Bazaar) မှာ ဖွင့်ထားတာပါ။ ဆိုင်ရှင်ဖြစ်သူ အသက် ၅၄ နှစ်အရွယ် မစ္စ နူဘန်းက လက်ရှိမှာ လူတိုင်း စီးပွားရေးကျပ်တည်းပြီး ဝင်ငွေထက် ထွက်ငွေက ပိုများနေတာကို မြင်တဲ့အတွက် ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ပေးချင်လို့ ဒီလိုရောင်းချတာလို့ ပြောပါတယ်။ဒါ့အပြင် ဆိုင်က ဘယ်လိုဖောက်သည်ကိုမှ မခွဲခြားပါဘူး။ နေ့စားလုပ်သား၊ အစားအသောက်ပို့သူ၊ ပစ္စည်းဟောင်းကောက်သူ၊ အစိုးရဝန်ထမ်း စတဲ့ လုပ်ငန်းအမျိုးမျိုးက လူတိုင်းကို ဝမ်းသာအားရ ကြိုဆိုပါတယ်။ အမြတ်နည်းပေမယ့် ဖောက်သည်တွေကို ကူညီပေးနိုင်လို့ စိတ်ချမ်းသာမှုနဲ့ ဂုဏ်ယူမှု ရတယ်လို့ ပြောပါတယ်။
ဆိုင်ရဲ့ ထူးခြားချက်ကတော့ တစ်ပွဲ ဘတ် ၄၀ သာ ကျသင့်ပြီး ထမင်းနဲ့ ဟင်းတွေကို အကန့်အသတ်မရှိ စားချင်သလောက် ထည့်စား၊ ထပ်ထည့်စား လို့ရပါတယ်။ နေ့စဉ် ဟင်းပွဲ ၄၀ ကျော် အထိ ရွေးချယ်စရာရှိပါတယ်။ ကောင်းမွန်တဲ့ ကုန်ကြမ်းတွေနဲ့ အရသာရှိအောင် ချက်ပြုတ်ထားတယ်လို့လည်း ဆိုပါတယ်။ လူကြိုက်များတဲ့ ဟင်းပွဲတွေကတော့ ရေစိမ်ငရုတ်သီး၊ ကြက်ဥကြော်သုပ်၊ ငါးသားလုံးဆန်ခေါက်ဆွဲစိမ်းဟင်း၊ သတို့သမီးသားမက်ဥ စတာတွေ ဖြစ်ပါတယ်။ အိမ်ပြန်ထုပ်ယူမယ်ဆိုရင်တော့ တစ်ထုပ်ကို ဘတ် ၃၀ ပဲ ကျသင့်ပါတယ်။
ထမင်းဘူဖေးနဲ့ ဟင်းကိုစားချင်သူတွေအတွက် Kon Jai Dee ထမင်းဟင်းဆိုင် ဟာ တနင်္လာနေ့ကနေ စနေနေ့အထိ မနက် ၆ နာရီကနေ နေ့လယ် ၁ နာရီ အထိ ဖွင့်ပါတယ်။ နန်းမြစ်ကမ်းဘေးရှိ ညဈေး (Night Bazaar) မှာ ရှိပြီး 08-0116-8861 ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ matichon သတင်းမှာ ဖော်ပြထားပါတယ်။