နိုင်ငံမဲ့မှတ်ပုံတင်ပါ ရုပ်သိမ်းခံရဖွယ်ရှိ
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်၊ ဆန်ခလာဘူရီမြို့နယ်မှာ ဘတ်ငွေ ၂ သန်းနီးပါးတန်ဖိုးရှိတဲ့ တရားမဝင်ဆေးလိပ်တွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခုကို အာဏာပိုင်တွေက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအခန်းကို ငှားရမ်းထားတဲ့ မွန်အမျိုးသားကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေဟာ ဗလီလမ်းထဲက ငှားရမ်းထားတဲ့ အခန်းတစ်ခုမှာ တရားမဝင်ဆေးလိပ်တွေ သိုလှောင်ထားတယ်လို့ သတင်းရရှိခဲ့ပြီးနောက် ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ရှာဖွေမှုအတွင်း Krong Thip စီးကရက်အပျော့ ၂၄၈ ဘူးနဲ့ မြန်မာဆေးပေါ့လိပ် အလိပ် ၆၀၀ ကို သိမ်းဆည်းရမိခဲ့တာပါ။
မွန်အမျိုးသားဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံမဲ့မှတ်ပုံတင် (နံပါတ် 0) ကို ကိုင်ဆောင်ထားသူဖြစ်ပြီး စစ်ဆေးမေးမြန်းရာမှာတော့ မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့ကနေ ဆေးလိပ်တွေ ဝယ်ယူပြီး ဖောက်သည်ဆီ ပို့ဆောင်ဖို့ စောင့်ဆိုင်းနေတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံရသူမွန်အမျိုးသားကို အခွန်ဆောင်ခြင်းမရှိတဲ့ ကုန်ပစ္စည်း လက်ဝယ်ထားရှိမှု နဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ လုံခြုံရေးထိခိုက်စေတဲ့ ပြစ်မှုကျူးလွန်ခဲ့တာကြောင့် နိုင်ငံမဲ့မှတ်ပုံတင်ကိုလည်း ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ MGR သတင်းအရ သိရပါတယ်။