ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က နခွန်ဆဝမ်ခရိုင်က အဝေးပြေးလမ်းမကြီးပေါ်မှာ မသင်္ကာတဲ့ ကားသုံးလေးစီး အရှိန်ပြင်းပြင်း မောင်းနှင်နေတာကို သတိပြုမိခဲ့ပြီး ဒီကားတွေဟာ ပုံမှန်ထက် ပိုလေးနေတာကိုလည်း သတိထားမိခဲ့တာကြောင့် လိုက်လံစစ်ဆေးရာမှ လူပွဲစား ၅ ဦးနဲ့ သူတို့တင်ဆောင်လာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၃၄ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ဦးဆောင်မောင်းနှင်တဲ့ ကားကနေ မြန်မာနိုင်ငံသား ယာဉ်မောင်းနဲ့ ခရီးသည်တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီယာဉ်မောင်းက သူဟာ တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတွေကို လမ်းပြပေးနေသူဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ယာဉ်မောင်းရဲ့ ထွက်ဆိုချက်အရ နောက်ကနေ လိုက်လာတဲ့ ပစ်ကပ်ကား ၃ စီးကို ရဲတပ်ဖွဲ့က ထပ်မံရပ်တန့်စစ်ဆေးခဲ့ပါတယ်။ ပထမကားက မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးဖြစ်ပြီး သူ့ကားပေါ်မှာ တရားမဝင်အလုပ်သမား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒုတိယကားက မှတ်ပုံတင်မဲ့သူတစ်ဦး မောင်းနှင်လာတာဖြစ်ပြီး အဲဒီကားပေါ်မှာလည်း တရားမဝင်အလုပ်သမား ၁၀ ဦးကို ဖမ်းမိခဲ့ပါတယ်။ တတိယကားကိုတော့ ထိုင်းနိုင်ငံသားတစ်ဦးက မောင်းနှင်လာပြီး အဲဒီကားပေါ်မှာ တရားမဝင်အလုပ်သမား ၁၄ ဦးကို ဖမ်းမိခဲ့ပါတယ်။စုစုပေါင်း လူပွဲစား ၅ ဦးနဲ့ တရားမဝင် မြန်မာနိုင်ငံသား ၃၄ ဦး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးမေးမြန်းမှုတွေအရ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံကနေ တာ့ခ် နဲ့ ချင်းရိုင်ခရိုင်ကနေတစ်ဆင့် သဘာဝလမ်းကြောင်းအတိုင်း ဝင်ရောက်လာတာလို့ သိရပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လာရှာဖို့အတွက် ပွဲစားတွေကို တစ်ဦးကို ဘတ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။လမ်းပြလူပွဲစားတွေကတော့ တရားမဝင်အလုပ်သမားတွေကို ပို့ဆောင်ပေးတဲ့အတွက် တစ်ဦးကို ဘတ် ၁,၀၀၀ ကနေ ၃,၀၀၀ အထိ ရရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ နွန်ဘူမြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ policeTV ရဲ့သတင်းအရ သိရပါတယ်။