ချင်းမိုင်မှာ အမျိုးသမီးငယ်တစ်ဦးကို ဓားနဲ့ခုတ်ပြီး လက်ပြတ်သွားအောင် လုပ်ခဲ့တဲ့ မြန်မာလူငယ် ၁၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ဒီအဖွဲ့ဟာ ဘွာဒန်ဂိုဏ်း (Bua Dam Gang) လို့ ကိုယ့်ကိုကိုယ် နာမည်ပေးထားပြီး စက်တင်ဘာ ၁၇ ရက် ညက ရန်ဘက်အဖွဲ့ကို လိုက်ရှာရာကနေ အခုလို ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီဖြစ်စဉ်ကြောင့် အမျိုးသမီးငယ်တစ်ဦးရဲ့ လက်ပြတ်သွားခဲ့သလို အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ဖမ်းမိထားတဲ့ လူငယ် ၁၅ ဦးစလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး သူတို့ထဲမှာ အသက် ၁၄ နှစ်ကနေ ၃၁ နှစ်အရွယ် လူငယ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် မနေ့က ဖမ်းမိတဲ့ အိုက်မောင်နဲ့ အတူ ဓားနဲ့ခုတ်ခဲ့တဲ့ အဓိကတရားခံတစ်ဦးကတော့ ထွက်ပြေးနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က ဆက်လက်လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဒီလိုအမှုမျိုး ထပ်မဖြစ်အောင် လူဆိုးဂိုဏ်းတွေကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က အထူးအဖွဲ့ဖွဲ့ပြီး မြို့တွင်းလုံခြုံရေးကို တိုးမြှင့်သွားမယ်လို့လည်း matichon သတင်းအရ သိရပါတယ်။