လန်ပန် – လန်ဖွန်း ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ အဝေးပြေးရဲတပ်ဖွဲ့က ကင်းလှည့်နေစဉ် ဘန်ကောက်-ဘန်ထာတွန်ခရီးစဉ်ပြေးဆွဲနေတဲ့ ဘတ်စ်ကားတစ်စီးကို သံသယဖြစ်လို့ ရပ်တန့်စစ်ဆေးခဲ့ရာ တရားမဝင်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို တွေ့ခဲ့ရတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ကားကို စစ်ဆေးကြည့်တဲ့အခါ အသက် ၄၆ နှစ်အရွယ် ကားမောင်းသူအမျိုးသားနဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးကားဝန်ထမ်းတစ်ဦးကို တွေ့ရှိခဲ့ပြီး ကားအတွင်းပိုင်းကို ဆက်လက်စစ်ဆေးလိုက်တဲ့အခါ စာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၄ ဦးဟာ ယာဉ်မောင်းရဲ့ ထိုင်ခုံနောက်မှာ ပုန်းအောင်းနေပြီး ကျန် ၁၄ ဦးကတော့ ထိုင်ခုံတွေမှာ ထိုင်နေကြတာဖြစ်ပါတယ်။
လက်မှတ်တွေကို စစ်ဆေးကြည့်တော့ လက်မှတ်ပေါ်က နာမည်တွေနဲ့ တကယ်စီးနင်းသူတွေရဲ့ နာမည်တွေ မတူညီတာကိုလည်း တွေ့ရပြီး စစ်ဆေးမေးမြန်းမှုအရ ဒီခရီးသည်တွေဟာ ရှမ်းလူမျိုးပွဲစားတစ်ဦးကတစ်ဆင့် ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ သွားတာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ တစ်ဦးကို ပွဲစားခ ဘတ် ၁၅,၀၀၀ ပေးခဲ့ရပြီး ချင်းမိုင်မြို့က ဘတ်စ်ကားဂိတ်ကနေ စတင်စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့က ကားမောင်းသူ၊ ကားဝန်ထမ်းနဲ့ တရားမဝင် မြန်မာလုပ်သားတွေကို မယ့်ထာရဲစခန်းက စုံစမ်းစစ်ဆေးရေးမှူးဆီကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ highway police သတင်းအရ သိရပါတယ်။