ချင်းမိုင်မြို့မှာ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့ က အထူးစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး အလုပ်လုပ်ခွင့် ဗီဇာမရှိတဲ့ ဩစတြေးလျနိုင်ငံသားတစ်ဦးနဲ့ နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့ ဧည့်ကြိုအလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို မနေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က သတင်းပေးပို့ချက်ရရှိပြီးနောက် ချင်းမိုင်မြို့၊ ချန်းကလန်ရပ်ကွက်မှာရှိတဲ့ ဟိုတယ်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီမှာ ဩစတြေးလျနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးတို့ဟာ ဥပဒေနဲ့ မညီဘဲ အလုပ်လုပ်ကိုင်နေတာကို တွေ့ရှိခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံသားဟာ အငြိမ်းစားဗီဇာ (Retirement Visa) နဲ့ ထိုင်းမှာ နေထိုင်ခွင့်ရထားသူဖြစ်ပြီး အလုပ်လုပ်ခွင့် မရှိပါဘူး။ ဒါပေမဲ့ သူဟာ ဟိုတယ်မှာ တိတ်တဆိတ် အလုပ်လုပ်နေတာကို ဝန်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံသားကတော့ အလုပ်သမားအဖြစ် လုပ်ကိုင်ဖို့အတွက် အလုပ်လုပ်ခွင့်လိုင်စင်ရှိပေမဲ့ ဧည့်ကြိုအဖြစ် အလုပ်လုပ်နေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းဥပဒေအရ ဧည့်ကြိုအလုပ်ဟာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်ဖြစ်ပါတယ်။ အရာရှိတွေက အဆိုပါ နိုင်ငံခြားသား ၂ ဦးကို ဖမ်းဆီးပြီး ဥပဒေအရ အရေးယူနိုင်ဖို့အတွက် ချင်းမိုင်မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ ချင်းမိုင်လူဝင်မှု ကြီးကြပ်ရေး သတင်းအရ သိရပါတယ်။