ထိုင်းနိုင်ငံမှာခရီးသည်တင်ယာဉ်အငှားဝန်ဆောင်မှုတွေအတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ စတင်အသက်ဝင်မယ့် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေကြောင့် ခရီးသည်တွေဟာ အရင်ကထက် ပိုပြီး ဘေးကင်းလုံခြုံတဲ့ ဝန်ဆောင်မှုတွေကို ရရှိခံစားနိုင်မှာဖြစ်သလို အထောက်အထားပြရမယ့် အဆင့်တွေလည်း ရှိလာမှာ ဖြစ်ပါတယ်။
ကိုယ်ရေးအချက်အလက် အတည်ပြုခြင်း
ယာဉ်မောင်းတဲ့သူရော၊ ခရီးသည်တွေပါ ကိုယ်ရေးအချက်အလက် အပြည့်အစုံနဲ့ မှတ်ပုံတင်အချက်အလက်တွေကို ပလက်ဖောင်းမှာ ထည့်သွင်းအတည်ပြုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တရားဝင်အထောက်အထားစာရွက်စာတမ်း မရှိရင် အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ အက်ပလီကေးရှင်းကို အသုံးပြုတိုင်း ဒီလိုအတည်ပြုမှုတွေ ထပ်မံလုပ်ဆောင်ရနိုင်ပါတယ်။
လုံခြုံမှုနဲ့ စိတ်ချရမှု
တရားဝင်ယာဉ်မောင်းနဲ့ ယာဉ်များ
- ယာဉ်မောင်းတွေအားလုံးဟာ တရားဝင် အများပြည်သူသုံး ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားရမှာဖြစ်ပြီး ယာဉ်တွေကိုလည်း စံချိန်စံညွှန်းပြည့်မီအောင် မှတ်ပုံတင်ထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ခရီးသည်တွေအနေနဲ့ စိတ်ချလက်ချ အသုံးပြုနိုင်မှာပါ။
GPS ခြေရာခံစနစ်
- ခရီးစဉ်တစ်လျှောက်လုံးကို GPS စနစ်နဲ့ အချိန်နဲ့တစ်ပြေးညီ ခြေရာခံပေးသွားမှာဖြစ်လို့ လုံခြုံမှုအပြည့်အဝရရှိစေမှာပါ။
ပွင့်လင်းမြင်သာမှုနှင့် အခွင့်အရေး
ကြိုတင်သိနိုင်သော အချက်အလက်များ
- ခရီးစဉ်စရိတ်၊ လမ်းကြောင်းနဲ့ ရောက်ရှိမယ့်အချိန်တွေကို ကြိုတင်သိနိုင်တာကြောင့် လိမ်လည်ခံရမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။
ယာဉ်မောင်းအချက်အလက်
- ကားမခေါ်ခင်ကတည်းက ယာဉ်မောင်းရဲ့ နာမည်၊ ဓာတ်ပုံ၊ လိုင်စင်နဲ့ ကားနံပါတ် စတဲ့အချက်အလက်တွေကို ကြိုတင်ကြည့်ရှုနိုင်ပါတယ်။
အကူအညီနှင့် တိုင်ကြားမှုများ
- အရေးပေါ်အခြေအနေ ဒါမှမဟုတ် ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် အကူအညီတောင်းခံနိုင်မယ့် လမ်းကြောင်းတွေ ပါဝင်လာပါတယ်။ အငြင်းပွားမှုဖြစ်ခဲ့ရင်လည်း အထောက်အထားအဖြစ် မှတ်တမ်းတင်ထားတာမျိုးတွေ ရှိလာမှာ ဖြစ်ပါတယ်။
ဒီဥပဒေအသစ်ကြောင့် ယာဉ်မောင်းနဲ့ ပလက်ဖောင်းတွေအတွက် လုပ်ထုံးလုပ်နည်းတွေ ပိုများလာပေမယ့် ခရီးသည်တွေအတွက်တော့ ပိုပြီး ဘေးကင်းစိတ်ချရတဲ့ ခရီးသွားလာမှု အတွေ့အကြုံကို ရရှိလာမှာဖြစ်ပါတယ်။