ထိုင်းဗဟိုဘဏ် (BOT) နဲ့ ထိုင်းဘဏ်လုပ်ငန်းအသင်းတို့ဟာ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ ဘဏ်စာရင်းတွေ ပိတ်ခံရတဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် အစီအစဉ်သစ်တွေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဘာကြောင့် အကောင့်တွေ ပိတ်မိနေလဲ
ရာဇဝတ်သားတွေဟာ လူတွေကို လှည့်စားပြီး သူတို့ရဲ့ ဘဏ်အကောင့်တွေကနေ ငွေတွေလွှဲခိုင်းတာကြောင့် ငွေခြေရာခံခြင်းနဲ့ သိမ်းဆည်းခြင်းစနစ်ဟာ လိမ်လည်မှုနဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ဘဏ်စာရင်းတွေကိုပါ ယာယီပိတ်မိစေခဲ့ပါတယ်။ အရင်က ဒီအကောင့်တွေကို ပြန်ဖွင့်ဖို့ ရက်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။
ဘယ်လိုဖြေရှင်းမလဲ
ပြည်သူတွေရဲ့ အခက်အခဲကို လျော့ချနိုင်ဖို့အတွက် အဓိက အပြောင်းအလဲတွေကို အခုလို လုပ်ဆောင်သွားမှာပါ။
အကောင့်များကို အမြန်ဆုံးပြန်ဖွင့်ပေးခြင်း
- အပြစ်မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ဘဏ်အကောင့်တွေကို အရင်လို ရက်များစွာ မစောင့်ရတော့ဘဲ အများဆုံး ၄ နာရီ သို့မဟုတ် အလုပ်လုပ်ရက် ၁ ရက် အတွင်း ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်။
အလိုအလျောက် ပြန်ဖွင့်ပေးမည့် စနစ်
- အသုံးပြုသူက တိုင်ကြားစရာမလိုဘဲ အပြစ်မဲ့အကောင့်တွေကို စနစ်က အလိုအလျောက် စိစစ်ပြီး ပြန်ဖွင့်ပေးမယ့် နည်းပညာကိုလည်း တစ်ပတ်အတွင်း အကောင်အထည်ဖော်သွားမှာပါ။
အသိပေးအကြောင်းကြားခြင်း
- ဘဏ်စာရင်း ယာယီပိတ်သိမ်းခံရတဲ့ ဖောက်သည်တွေကို SMS ဒါမှမဟုတ် မိုဘိုင်းဘဏ်လုပ်ငန်းကနေ ချက်ချင်းအသိပေး ပြီး ဘယ်လိုဆက်လက်လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးသွားမှာပါ။
ငွေပမာဏကိုသာ ဆိုင်းငံ့ခြင်း
- ဒီလုပ်ဆောင်ချက်ဟာ အကောင့်တစ်ခုလုံးကို ပိတ်ပစ်တာမဟုတ်ဘဲ၊ လိမ်လည်မှုနဲ့ သက်ဆိုင်တယ်လို့ သံသယရှိတဲ့ ငွေပမာဏကိုသာ အများဆုံး ၇ ရက်အထိ ယာယီဆိုင်းငံ့ ထားတာပါ။ အပြစ်မရှိကြောင်း တွေ့ရှိရင် ဆိုင်းငံ့မှုကို ချက်ချင်း ရုပ်သိမ်းပေးသွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်တွေကြောင့် အွန်လိုင်းလိမ်လည်မှုတွေမှာ မလိုအပ်ဘဲ အကောင့်ပိတ်ခံရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေ သိသိသာသာ လျော့နည်းသွားလို့ မျှော်လင့်ရပါတယ်။