ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ စက်ရုံတစ်ခုမှ အထောက်အထားမပြည့်စုံဟုဆိုကာ အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၃၇ ဦးဟာ ၎င်းတို့ရဲ့ လုပ်အားခ ဘတ် ၂၂၀,၀၀၀ ကျော်ကို ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့က အဆိုပါ မြန်မာလုပ်သားတွေဟာ အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေ ပြည့်စုံပေမယ့် စက်ရုံဘက်မှ စာရွက်စာတမ်းမပြည့်စုံဘူးလို့ အကြောင်းပြကာ ရုတ်တရက် အလုပ်ထုတ်ပယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အလုပ်သမားတွေက M.H.A.C မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့တာကြောင့် MHAC အဖွဲ့နဲ့ NUG အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတို့က သွားရောက်ညှိနှိုင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ စက်ရုံနဲ့ ပြန်လည်ဆွေးနွေးခဲ့ရာ အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့ပြီး စက်ရုံမှ ပေးရန်ကျန်ရှိတဲ့ လုပ်အားခ စုစုပေါင်း ဘတ် ၂၂၀,၀၀၀ ကျော်ကိုလည်း ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။