ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က ဝေါ့ပါမစ် သက်တမ်းကုန်သွားတဲ့သူတွေ ရှိပါတယ်။ နောက်ဆုံး တိုးရမှာ ဘယ်ရက်လဲ၊ ဘယ်လောက်ကုန်မှာလဲ? သတ်မှတ်ရက်အတွင်း သက်တမ်းမတိုးရင်ရော ဘာဖြစ်မှာလဲ ဒါတွေ ဒီနေ့ ပြောပြပါမယ်။
သက်တမ်းတိုးဖို့ နောက်ဆုံးရက်နဲ့ အကျိုးခံစားခွင့်
- ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့မှာ အလုပ်လုပ်ခွင့် ပါမစ်သက်တမ်း ကုန်ဆုံးခဲ့တဲ့သူတွေဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့ နောက်ဆုံးထားပြီး သက်တမ်းမဖြစ်မနေ တိုးရပါမယ်။
- သက်တမ်းတိုးလိုက်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ ၂ နှစ် အပြည့် ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့အထိ တရားဝင်နေနိုင်မှာ ဖြစ်ပါတယ်။
အချိန်မီ သက်တမ်းမတိုးရင် ဘာတွေ ကြုံတွေ့ရမလဲ
- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့နောက်ပိုင်းအထိ သက်တမ်းမတိုးဘဲ နေမယ်ဆိုရင်တော့ တရားမဝင်လုပ်သားအဖြစ် သတ်မှတ်ခံရပြီး အလုပ်ရှင်ရော၊ အလုပ်သမားပါ ပြင်းထန်တဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
- အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်တာဟာ ထိုင်းဥပဒေအရ ကြီးလေးတဲ့ပြစ်မှုဖြစ်ပြီး ဒဏ်ငွေများစွာ ပေးဆောင်ရနိုင်သလို ပြည်နှင်ဒဏ်အထိလည်း ကျခံရနိုင်ပါတယ်။
သက်တမ်းတိုးမြှင့်ခြင်း ဆောင်ရွက်ပုံနှင့် ကုန်ကျစရိတ်
- သက်တမ်းတိုးဖို့အတွက် အလုပ်ရှင်နဲ့အတူတူ အလုပ်သမားရုံး ဒါမှမဟုတ် တရားဝင်ကုမ္ပဏီတွေကနေတစ်ဆင့် ဆောင်ရွက်နိုင်ပါတယ်။
- နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဝန်ဆောင်ခတွေကတော့ ဗီဇာကြေး ၅၀၀ ဘတ်နဲ့ အလုပ်လုပ်ခွင့်ပါမစ်ကြေး ၁,၉၀၀ ဘတ် ဖြစ်ပါတယ်။ စုစုပေါင်း ၂,၄၀၀ ဘတ်သာ ကုန်ကျမှာ ဖြစ်ပါတယ်။
ပြဿနာရှိရင် ဘယ်လိုလုပ်ရမလဲ
ပွဲစားတွေက သတ်မှတ်ထားတဲ့ စရိတ်ထက် ပိုတောင်းတာမျိုး၊ ငွေလိမ်တာမျိုးတွေ ကြုံလာခဲ့ရင် ဒါမှမဟုတ် တခြားပြဿနာတွေရှိရင် အလုပ်သမားဝန်ကြီးဌာနရဲ့ Hotline နံပါတ် 1506 ကို ချက်ချင်းဖုန်းခေါ်ပြီး တိုင်ကြားနိုင်ပါတယ်။ ဒီနံပါတ်ဟာ အခမဲ့ဖြစ်ပြီး အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
အချိန်ဟာ အလွန်အရေးကြီးပါတယ်။ သတ်မှတ်ရက်ထက် ကျော်လွန်သွားတာနဲ့ သင့်ရဲ့တရားဝင်နေထိုင်ခွင့်ကို ဆုံးရှုံးသွားမှာပါ။ ဒါကြောင့် ဒီဇင်ဘာလ (၁၃) ရက်နေ့ နောက်ဆုံးထားပြီး သက်တမ်းတိုးဖို့ အမြန်ဆုံး ဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။