လုပ်ငန်းခွင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးခဲ့တဲ့ မြန်မာအလုပ်သမားများ သက်တမ်းထပ်မံတိုးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာ ကုန်ဆုံးခဲ့သူတွေဟာ နောက်ထပ် ၆ လအထိ ဆက်လက်နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်နဲ့ နေထိုင်ခွင့်သက်တမ်းတိုးဖို့အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
- အလုပ်ရှင် သို့မဟုတ် အလုပ်သမားခေါ်ယူတဲ့ကုမ္ပဏီက နိုင်ငံခြားသားအလုပ်သမားကိုယ်စား အလုပ်လုပ်ခွင့်လျှောက်လွှာ နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို အွန်လိုင်းစနစ်ကနေတစ်ဆင့် တင်ရမှာပါ။
- ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေးစစ်ဆေးမှု ခံယူရပါမယ်။
- လျှောက်လွှာအတည်ပြုပြီးတာနဲ့ အလုပ်ရှင်က အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ်အတွက် အခကြေးငွေ ပေးဆောင်ရပါမယ်။
- ငွေပေးဆောင်ပြီးတာနဲ့ အလုပ်သမားရုံးကနေ လျှောက်လွှာလက်ခံရရှိကြောင်း ထောက်ခံစာနဲ့ ငွေဖြတ်ပိုင်းကို ထုတ်ပေးပါလိမ့်မယ်။ ထုတ်ပြန်စာအရဆိုရင် ဒီထောက်ခံစာနဲ့ ငွေဖြတ်ပိုင်းကို အလုပ်လုပ်ခွင့်လက်မှတ်အစား အသုံးပြုနိုင်ပါတယ်။
- အလုပ်လုပ်ခွင့်အတည်ပြုပြီးတာနဲ့ အလုပ်သမားက ယာယီနေထိုင်ခွင့်ဗီဇာ (Non-Immigrant – LA) သက်တမ်းတိုးဖို့အတွက် လူဝင်မှုကြီးကြပ်ရေးရုံး ကို သွားရောက်ဆောင်ရွက်ရပါမယ်။
ဒါတွေပြီးသွားရင်တော့ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အထိ ၂ နှစ် နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်ခင် အပြီးသတ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သက်တမ်းမတိုးထားပါက ဥပဒေနဲ့အညီ မနေထိုင်နိုင်တော့ဘဲ ပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။