ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မှတ်ပုံတင်စာရွက်စာတမ်းမရှိတဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ နည်းလမ်းသစ်တစ်ခုကို စတင်လိုက်ပါပြီ။ ဒီအစီအစဉ်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ စစ်ဘေးရှောင်တွေကို အဓိကထားပြီး ရည်ရွယ်တာဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ သန်းကျော်ရှိပြီး သူတို့ဟာ ကျန်းမာရေးအချက်အလက်တွေ စုစည်းထားတဲ့ အစိုးရစနစ်ထဲမှာ မပါဝင်တာကြောင့် ဆေးကုသမှုနဲ့ ကာကွယ်ဆေးလိုမျိုး ဝန်ဆောင်မှုတွေ ရယူဖို့ အခက်အခဲရှိနေပါတယ်။ ဒီလိုပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းကြက်ခြေနီအသင်းနဲ့ ပူးပေါင်းပြီး မျက်ဝန်းနဲ့ မျက်နှာကို မှတ်သားတဲ့ ဇီဝဗေဒဆိုင်ရာ အချက်အလက်စနစ် (TRCBAS) ကို တီထွင်ခဲ့တာပါ။
ဒီစနစ်ကနေ မှတ်ပုံတင်မရှိသူတွေရဲ့ မျက်ဝန်းနဲ့ မျက်နှာပုံစံကို မှတ်သားထားခြင်းဖြင့် သူတို့ရဲ့ အထောက်အထားကို တိကျမှန်ကန်စွာ စိစစ်နိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် မျက်ဝန်းပုံစံဟာ အတုလုပ်ဖို့ခက်ခဲပြီး လူတိုင်းမှာ မတူညီတဲ့အတွက် အချက်အလက်မှတ်တမ်းအတွက် ပိုမိုသင့်တော်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။လက်ရှိမှာ ဒီစနစ်ထဲကို ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းကျော်ကို မှတ်ပုံတင်ပြီးဖြစ်ကာ အချက်အလက် မှတ်သားမှု တိကျနှုန်းက ၉၉.၇၅ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
ဒီစနစ်ကို နောက်ပိုင်းမှာ ဆေးရုံတွေနဲ့ ရောဂါထိန်းချုပ်ရေးရုံးတွေအထိ ထပ်မံတိုးချဲ့သွားဖို့လည်း စီစဉ်ထားပါတယ်။ဒီအစီအစဉ်ကြောင့် မှတ်ပုံတင်မရှိသူတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလွယ်တကူရရှိလာပြီး နိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးစနစ်ကိုလည်း ပိုမိုအားကောင်းလာစေမှာ ဖြစ်တယ်လို့ The nationမှာ ဖော်ပြထားပါတယ်။