နယ်စပ်က ဒုက္ခသည်စခန်း ၇ ခုမှာ နေထိုင်နေတဲ့ မြန်မာဒုက္ခသည် ၇ သိန်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိလာစေဖို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကနေ ဘတ်သန်း ၁၆၀ သုံးစွဲသွားဖို့ ပြင်ဆင်နေပါတယ်။
အရင်က ဒုက္ခသည်စခန်းတွေရဲ့ ကျန်းမာရေးဟာ နိုင်ငံတကာက အလှူငွေအပေါ် မှီခိုနေခဲ့ရပေမဲ့၊ အခုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်မှာ လူသားချင်းစာနာမှုအကူအညီတွေ ရပ်ဆိုင်းခဲ့တဲ့အတွက် အခြေအနေတွေ ပိုခက်ခဲလာပါတယ်။ ဒုက္ခသည်စခန်းဟာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာကြောင့် ထိုင်းနိုင်ငံဟာ ခိုလှုံခွင့်ပေးတာအပြင် ရောဂါတွေ မပြန့်ပွားအောင်ပါ တာဝန်ယူရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွန်ဆက်က ငွေကြေးအကူအညီ မရှိရင် ရောဂါတွေ ဖြစ်ပွားနိုင်တာကြောင့် အဲဒီပြဿနာကို ဖြေရှင်းဖို့ ဘတ်သန်း ၁၆၀ ဘတ်ဂျက်ကို အစိုးရအဖွဲ့ထံ တင်ပြတောင်းခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေကို စခန်းအပြင်ဘက်မှာ အလုပ်လုပ်ခွင့်ပြုခြင်းဟာ ရေရှည်အတွက် အရေးကြီးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး အဲဒီလို အလုပ်လုပ်ခွင့်ရတဲ့ ဒုက္ခသည်တွေဟာ လူမှုဖူလုံရေးစနစ်အောက်က ကျန်းမာရေးအစီအစဉ်ကို ရရှိမှာဖြစ်ပါတယ်။
ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံသား ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၉၆ ဦးကို တစ်နှစ် ဘတ် ၁၉ သန်းနဲ့ ငှားရမ်းပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးသွားဖို့လည်း စီစဉ်ထားပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားလေးသန်းထဲက ၂၂.၆% ဟာ မည်သည့်ကျန်းမာရေးအစီအစဉ်မှ မရှိသေးဘဲ ၄၂.၁% ကတော့ လူမှုဖူလုံရေးအစီအစဉ်မှာ ပါဝင်နေပါတယ်လို့ Bangkok post သတင်းမှာ ဖော်ပြထားပါတယ်။