ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က တရားမဝင် နိုင်ငံခြားသားတွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ ချန်းမွိုင်းရပ်ကွက်ရှိ စျေးတစ်ခုမှာ မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနကို တရားမဝင်အလုပ်သမားတွေနဲ့ ပတ်သတ်ပြီး သတင်းပေးပို့မှုတွေ ရရှိခဲ့တာကြောင့် စက်တင်ဘာလ ၃ ရက်နေ့မှာ ချင်းမိုင်မြို့နယ်၊ ချန်းမွိုင်းရပ်ကွက်ရှိ ဈေးတစ်ခုသို့ သက်ဆိုင်ရာအာဏာပိုင်တွေ ပူးပေါင်းကာ ဝင်ရောက်စစ်ဆေးခဲ့တာပါ။ စစ်ဆေးမှုအတွင်း အလုပ်လုပ်ကိုင်ခွင့် နဲ့ နေထိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်း အပြည့်အစုံမရှိတဲ့မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို တရားဝင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းသို့ ဝင်ရောက်နေထိုင်ခြင်း၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ခြင်း၊ လုပ်ကိုင်ခွင့်ပြုထားတဲ့ အလုပ်အမျိုးအစားနဲ့ ကွဲလွဲစွာ လုပ်ကိုင်ခြင်း၊ အလုပ်လုပ်ခွင့်ပါမစ်ရှိသော်လည်း အလုပ်ရှင်၊ အလုပ်လုပ်ရာနေရာတို့ကို အာဏာပိုင်များထံ သတင်းမပို့ခြင်းစတဲ့ပြစ်မှုတွေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။
သတင်း – Chiangmai news