ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ တရားမဝင် မြန်မာလုပ်သား ၇၁ ဦးကို သယ်ဆောင်လာတဲ့ ပစ်ကပ်ကားနှစ်စီးကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့က ရဲတပ်ဖွဲ့ဟာ တရားမဝင်အလုပ်သမားတွေ တာ့ခ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်မယ်လို့ သတင်းကြိုရတာကြောင့် စောင့်နေခဲ့ရာမှ မသင်္ကာဖွယ်ရာ ပစ်ကပ်ကားနှစ်စီးကို တွေ့ရှိခဲ့ပြီး ရပ်တန့်စစ်ဆေးခဲ့တာပါ။
ပထမကားကို စစ်ဆေးကြည့်တဲ့အခါ ယာဉ်မောင်းနဲ့အတူ အမျိုးသမီး သုံးဦးကို တွေ့ရပြီး ကားနောက်ဖုံးအတွင်းမှာ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၀ ဦးတို့ကို ပြည့်ကျပ်စွာတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ နောက်ထပ် ကားတစ်စီးအတွင်းမှာလည်း ယာဉ်မောင်းနဲ့အတူ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၈ ဦးစုစုပေါင်း ၃၁ ဦးကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ မြန်မာလုပ်သား ၇၁ ဦးလုံးဟာ တရားဝင်စာရွက်စာတမ်းတွေ မရှိကြပါဘူး။
စစ်ဆေးမေးမြန်းမှုတွေအရ ယာဉ်မောင်းနှစ်ဦးက သူတို့ကို ကားနဲ့ပို့ဆောင်ခိုင်းသူရှိတယ်လို့ ပြောပါတယ်။ ယာဉ်မောင်းတစ်ဦးက အလုပ်သမားတွေကို ပထုန်ဌာနီခရိုင်ကို ပို့ပေးဖို့ ဘတ် ၁၀,၀၀၀ ရခဲ့ပြီး အရင်ကလည်း အကြိမ်ကြိမ် လုပ်ဆောင်ဖူးတယ်လို့ ဝန်ခံခဲ့ပါတယ်။ နောက်ယာဉ်မောင်း တစ်ဦးကတော့ ဘတ် ၅,၀၀၀ ရခဲ့ပြီး ဒါက ဒုတိယအကြိမ်ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ယာဉ်မောင်းနှစ်ဦးနဲ့ တရားမဝင်အလုပ်သမားအားလုံးကို ဥပဒေအရ အရေးယူနိုင်ဖို့ ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ matichon သတင်းအရ သိရပါတယ်။