ထိုင်းကိုရောက်လာပြီး အလုပ်စလုပ်ဖို့ ဒါမှမဟုတ် နောက်အလုပ်သစ်ပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီလား။ ဒါက သင့်ရဲ့ အထင်ပါနော်၊ အလုပ်မစခင်မှာ ကိုယ့်အတွက် သိထားရမယ့် စာချုပ်စာတမ်းလို အရေးကြီးတဲ့အရာတွေ ရှိနေပါသေးတယ်။
၁။ တရားဝင် အလုပ်အကိုင် အေဂျင်စီဟုတ်မဟုတ် စစ်ဆေးပါ
အလုပ်စဝင်ဖို့အတွက် အေဂျင်စီကို အားကိုးမယ်ဆိုရင် သူတို့ဟာ တရားဝင် ဟုတ်မဟုတ် အရင်ဆုံးစစ်ဆေးပါ။ တရားဝင်အေဂျင်စီဆိုတာ ထိုင်းအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ အေဂျင်စီကို ဆိုလိုတာပါ။ တရားမဝင်အေဂျင်စီတွေက ကိုယ့်ကို ဥပဒေနဲ့ မညီတဲ့အလုပ်တွေ လုပ်ခိုင်းတာမျိုး၊ လစာအပြည့်အဝမပေးတာမျိုးတွေ လုပ်နိုင်တာကြောင့် သတိထားရပါမယ်။
၂။ အလုပ်စာချုပ်ကို သေချာဖတ်ပါ
ဒါက အရေးအကြီးဆုံးအဆင့်ပါ။ အလုပ်မစခင် အလုပ်ရှင်နဲ့ စာချုပ်တစ်ခု ချုပ်ဆိုဖို့ လိုအပ်ပါတယ်။ ဒီစာချုပ်က ကိုယ့်ရဲ့အခွင့်အရေးတွေနဲ့ တာဝန်တွေကို အကာအကွယ်ပေးထားပါတယ်။လက်မှတ်မထိုးခင် ဒီအချက်တွေကို သေချာစစ်ဆေးပါ
- စာချုပ်မှာ ဖော်ပြထားတဲ့လစာဟာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခနှုန်းထားထက် နည်းနေသလား။
- ပုံမှန်အလုပ်ချိန် ဘယ်လောက်လဲ၊ အချိန်ပိုကြေးကို ဘယ်လိုတွက်ချက်သလဲ။
- ဖျားနာခွင့်၊ နှစ်ပတ်လည်ခွင့်နဲ့ မီးဖွားခွင့်တွေအတွက် လစာရမရကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသလား။ဒါတွေ တစ်ခါထဲစစ်ဆေး ရပါမယ်။
- စာချုပ်ကို ကိုယ်နားလည်တဲ့ ဘာသာစကားနဲ့ ရေးထားတာမျိုး မဟုတ်ဘူးဆိုရင် ဘာသာပြန်ခိုင်းဖို့ တောင်းဆိုပါ။ မရှင်းလင်းဘဲ ဘယ်စာချုပ်ကိုမှ လက်မှတ်မထိုးပါနဲ့။
၃။ လူမှုဖူလုံရေးစနစ်မှာ ပါဝင်ဖို့ တောင်းဆိုပါ
ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အလုပ်သမားတစ်ဦးဟာ လူမှုဖူလုံရေးရန်ပုံငွေ နဲ့ အလုပ်သမားလျော်ကြေးရန်ပုံငွေ ကို ခံစားခွင့်ရှိပါတယ်။ ဒါတွေက ကိုယ့်ရဲ့ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် အာမခံချက်တွေပါ။
- လူမှုဖူလုံရေးရန်ပုံငွေကနေ မကျန်းမာတာ၊ မသန်စွမ်းတာနဲ့ မီးဖွားခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရနိုင်ပါတယ်။
- အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာရတာ၊ မတော်တဆမှုတွေဖြစ်ရင် ဆေးကုသစရိတ်နဲ့ လျော်ကြေးတွေအတွက် အလုပ်သမားလျော်ကြေးရန်ပုံငွေကနေ ပေးချေပေးပါတယ်။
၄။ လိုအပ်ရင် အကူအညီတောင်းခံဖို့ မကြောက်ပါနဲ့
အလုပ်ရှင်နဲ့ပြဿနာဖြစ်တာ၊ အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရတာ ဒါမှမဟုတ် ကိုယ့်ရဲ့အခွင့်အရေးတွေ ချိုးဖောက်ခံရတာမျိုး ကြုံလာရင် တစ်ယောက်တည်းမဖြေရှင်းပါနဲ့။ ထိုင်းနိုင်ငံရဲ့ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနဲ့ လူမှုဖူလုံရေးဌာန ဒါမှမဟုတ် အလုပ်သမားရေးကူညီပေးတဲ့ မြန်မာအဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ်။