ကာစီကွန်းဘဏ် (KBank) က မြို့တွင်းခရီးသွားလာရေးကို ပိုမိုလွယ်ကူစေဖို့အတွက် Visa Debit Card တွေကို အသုံးပြုပြီး ဘန်ကောက်မြို့ရဲ့ မြေအောက်ရထား (MRT) စီးနင်းခတွေကို ပေးချေနိုင်တဲ့ ဝန်ဆောင်မှုအသစ်တစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီစနစ်အသစ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ခရီးသွားပြည်သူတွေအတွက် ငွေသားဆောင်စရာမလိုဘဲ၊ ကတ်အမျိုးမျိုး အသုံးပြုစရာမလိုဘဲ၊ လက်မှတ်ဝယ်ဖို့ တန်းစီစောင့်စရာမလိုဘဲ အချိန်ကုန်သက်သာစေဖို့ပါ။ KBank Visa Debit Card တစ်ခုတည်းနဲ့ MRT ရထားလိုင်းအားလုံးအပြင် လေဆိပ်ရထားလိုင်း၊ အမြန်လမ်းမတွေနဲ့ ဘတ်စ်ကားတွေမှာပါ ထိတွေ့စရာမလိုဘဲ အလွယ်တကူ ငွေပေးချေနိုင်မှာပါ။
ဒီလိုမျိုး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေမှာပါ အသုံးပြုနိုင်အောင် လုပ်ဆောင်လိုက်တာကြောင့် MRT မှာ ဒက်ဘစ်ကတ် အသုံးပြုပြီး ပေးချေမှုပမာဏဟာ အခုထက် ကိုးဆအထိ တိုးလာနိုင်တယ်လို့ KBank က ခန့်မှန်းထားပါတယ်။ဒီဝန်ဆောင်မှုအသစ် စတင်တဲ့အနေနဲ့ စက်တင်ဘာလ ၁ ရက်ကနေ နိုဝင်ဘာလ ၃၀ ရက်အတွင်း ပရိုမိုးရှင်းတွေလည်း လုပ်ဆောင်ပေးထားပါတယ်။
လက်ရှိသုံးစွဲသူများအတွက်
- တစ်လအတွင်း MRT ကို KBank Visa Debit Card နဲ့ ၅ ရက် အသုံးပြုရင် KAMU လက်ဖက်ရည် (ဘတ် ၇၀ တန်) ကို အခမဲ့ရရှိမှာဖြစ်ပြီး၊ ၁၅ ရက် အသုံးပြုရင် SF ရုပ်ရှင်လက်မှတ် (ဘတ် ၂၈၀ တန်) ကို ရရှိမှာ ဖြစ်ပါတယ်။
သုံးစွဲသူအသစ်များအတွက်
- ပရိုမိုးရှင်းအတွက် မှတ်ပုံတင်ပြီး MRT မှာ ပထမဆုံးအကြိမ် ကတ်ကို အသုံးပြုတာနဲ့ McDonald’s ဘာဂါ (ဘတ် ၄၉ တန်) ကို အခမဲ့ရရှိမှာပါ။
ဒီလိုမျိုး ဘဏ်နဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ပူးပေါင်းလိုက်တာဟာ မြို့ပြနေပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူချောမွေ့စေဖို့အတွက် အဓိက ရည်ရွယ်တယ်လို့ Thaiger သတင်းမှာ ဖော်ပြထားပါတယ်။